Skip to main content

မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေး ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၀

မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေးဦးစီးကော်မတီ၊ အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ပူးပေါင်းအစည်းအဝေး (၃၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာလ္လာဝတီလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးဦးစီးကော်မတီ နာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ အကြံပေးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သတင်းအချက်အလက်ရှာဖွေရေးနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးကို မြန်မာနိုင်ငံစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်များ၊ လေ့လာဖတ်ရှုသူများအနေဖြင့် သမိုင်းဖြစ်စဉ်များမှပြောသည့် သင်ခန်းစာယူဖွယ် အချက်အလက်များ၊ ယခင်က စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာများ၊ အောင်မြင်ခဲ့သည့် အချက်များ၊ ဆုံးရှုံးနစ်နာခဲ့မှုများကို သင်ခန်းစာယူ ကိုးကားနိုင်ရေးအတွက် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းအား ပြုစုလျက်ရှိရာ ပါဝင်သင့်သည့် အချက်အလက်များ၊ သမိုင်းအထောက်အထားများကို ပိုမိုပြည့်စုံစွာ ပါဝင်နိုင်ရေးနှင့် သမိုင်းမှတ်တမ်း စာအုပ်ကောင်းတစ်အုပ် ဖြစ်မြောက်ပေါ်ထွန်းလာရေး ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းတွင် ပါဝင်ရမည့် အချက်များ၊ ထပ်မံဖြည့်တင်းသင့်သည့် အချက်များ၊ အထောက်အထား ပိုမိုပြည့်စုံစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်