Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် စက်တင်ဘာ ၉

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ်မှတ် ၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၃၆၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၃၅၃၅၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံပြည်သူ ၁၄၈၂ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၅၈၈၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ၌ ဒေသခံပြည်သူ ၁၂၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၄၄၀ နှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ကျောင်းသား ကျောင်းသူ ၁၅၆၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်