နေပြည်တော် စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှဝင်ရောက် လာသူများထံမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုးများ ဝင်ရောက်လာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စနစ်တကျ အဆင်ပြေချောမွေ့စွာ ဆက်လက်စစ်ဆေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပွင့်လင်းရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းသို့ဝင်ရောက်လာသူများ ပိုမိုများပြားစွာ ဝင်ရောက်လာသည့်အခါတွင် အဆိုပါ ခရီးသွားများအနေဖြင့် စောင့်ဆိုင်းချိန် ကြာမြင့်မှုမရှိ စေဘဲ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စစ်ဆေးမှုကို အဆင်ပြေချောမွေ့စွာ ခံယူနိုင်ရေးနှင့် စစ်ဆေးမှု အဖြေများကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် RDT ဓာတ်ခွဲစစ်ဆေးမှု ကောင်တာများကို တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ကာကွယ်ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများနှင့် ကိုဗစ်-၁၉ ရောဂါ အပိုထပ် ဆောင်းကာကွယ်ဆေးများကို သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း စနစ်တကျ ထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံး ပြုလျက်ရှိသည့် ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် စနစ်တကျ သိုလှောင်ထိန်းသိမ်း၍ ဖြန့်ဖြူးပေးနိုင်ရေးနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း (Central Cold Room-CCR) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကာကွယ်ဆေး များကို အအေးလမ်းကြောင်းမပျက် ထားရှိနိုင်ရေးအတွက် အအေးလမ်းကြောင်းထိန်း ပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာများနှင့် အအေးလမ်းကြောင်းထိန်း၍ ကာကွယ်ဆေးသိုလှောင် ထားရှိရာ အခန်းများ၌ သတ်မှတ်ထားသော လမ်းညွှန်ချက်များ၊ စံလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ထားရှိမှု၊ ကာကွယ်ဆေးများ သိုလှောင်ထားရှိရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားရရှိမှု၊ အရန် လျှပ်စစ်ဓာတ်အားပေးစက် (Backup Generator) ထားရှိလည်ပတ်နိုင်မှု၊ လုံခြုံရေးအရ အစီအမံများ ဆောင်ရွက်ထားသည့် အခြေအနေ၊ ထပ်မံရောက်ရှိ လာမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် စနစ်တကျ သိုလှောင် ထားရှိရေးအတွက် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေ၊ အအေးလမ်းကြောင်းမပျက်သိုလှောင် ထားသည့် ကာကွယ်ဆေးများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ သတ်မှတ်ထားသည့် အအေးလမ်းကြောင်း စံချိန်စံညွှန်းများနှင့်အညီ ဖြန့်ဖြူး ဆောင်ရွက်ပေးနေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်