နေပြည်တော် စက်တင်ဘာ ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ နေပြည်တော်- တောင်ညို - မြို့သစ် - ကံပြား (မကွေး) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ မိုင်တိုင် (၂၇/၀) ရှိ ရွှေပန်း - လမ်းစခန်းရှင်းလင်းဆောင်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေ များကို လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး (မြို့ပြ) တို့က အသေးစိတ် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရာများသေသပ်ကောင်းမွန်ရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (မကွေးလမ်းအပိုင်း) မိုင်တိုင် (၄၉/၄ နှင့် ၄၉/၅) အတွင်းရှိ ၁၈ ပေအကျယ်မှ ၂၄ ပေ အကျယ် လမ်းချဲ့ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေး ကောင်းမွန်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့၏ မုခ်ဦးအဝင်လမ်း မိုင်တိုင် (၃၃၂/၀ နှင့် ၃၃၂/၁) အတွင်း ကောင်းမွန်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်းထုအခြေခံလွှာခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တာဝန်ရှိသူများကို မကွေးတိုင်းဒေသကြီး၏ တိုင်းမြို့တော် မုခ်ဦးအဝင်လမ်းဖြစ်သည့် အတွက် လမ်းအရည်အသွေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ လမ်းအမှတ်အသားနှင့် မုခ်ဦးနှင့်အတူ ဆက်စပ်လမ်းအပိုင်းကိုလည်း အရည်အသွေး ပြည့်မီအောင် ဆောက်ရွက်ရန်လိုကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ် များအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင်အောင် စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်