Skip to main content

ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးအစီအစဉ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ရုံး၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသိပညာ ပေးလုပ်ငန်းသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဖြစ်ရာ ကော်မရှင်၏ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အဂတိလိုက်စားမှုမရှိစေရေး၊ ကော်မရှင်ရုံးရှိ ဝန်ထမ်းများ အဂတိလိုက်စားမှုမှ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာ၊ ဗဟုသုတများ ရရှိစေရေး၊ အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်း ဆက်နွှယ်နေသည့် အကြောင်း အရာများကို အသိပညာပေးရေး၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့အကြောင်းကို ကော်မရှင်ရုံးရှိ ဝန်ထမ်းများ သိရှိနားလည်လာရေး စသည်တို့ကို ရည်ရွယ်လျက် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အဆိုပါ အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

အသိပညာပေးအစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း အကြောင်းကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသူရကျော်က ကော်မရှင်က လက်ခံရရှိသည့် အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့်အမှုများ အကြောင်းတို့ကိုလည်းကောင်း ဆွေးနွေးပို့ချကြ ပြီး ကော်မရှင်ရုံးချုပ်မှ ဒုတိယဦးစီးမှူးနှင့် အထက်ဝန်ထမ်း ၃၈ ဦးနှင့် ကော်မရှင်ရုံးခွဲများ (နေပြည်တော်)၊ (မန္တလေး)၊ (စစ်တွေ) နှင့် (ပုသိမ်) တို့မှ ဝန်ထမ်းငါးဦးတို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်