နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဝန်ထမ်းမိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် ဌာနပိုင်ခြံများ၊ စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ သား ငါး ဟင်းစားများ၊ အာဟာရဖြည့် နွားနို့နှင့် ကြက်ဥများကို ဈေးနှုန်း သက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
နေပြည်တော် မြို့မဈေးအနီးရှိ အအေးခန်းစက်ရုံနှင့် အသစ်ဖွင့်လှစ်ပေးမည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန် လက်လီလက်ကား အရောင်းဆိုင် နေရာတို့၌လည်း စက်တင်ဘာ ၁၀ ရက် စနေနေ့မှ စတင်၍ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ပုဂ္ဂလိကခြံများ လက်လီလက်ကား ရောင်းချနိုင်ရန် အခွန်လွတ်ဈေးအဖြစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနများတွင်လည်း ဈေးကားများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
အလားတူ နေပြည်တော် ပုဗ္ဗသီရိဈေးအနီးရှိ စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ဗဟိုဌာန အအေးခန်းသိုလှောင်ရုံဝင်းအတွင်း၌လည်း ဒေသခံစိုက်ပျိုးမွေးမြူသူများ လက်လီလက်ကား ရောင်းချနိုင်သည့် အခွန်လွတ်ဈေးတန်းတစ်ခု ဖော်ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်