နေပြည်တော် စက်တင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိဌာနများမှ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးရုံး ခရိုင်နှင့် မြို့နယ်တို့မှ ဝန်ထမ်းများ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် (မန္တလေး) မှ ဝန်ထမ်းများ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) မှ ဝန်ထမ်းများနှင့် မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (မန္တလေး) မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနသည် မီဒီယာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည်ဖြစ်၍ လုပ်ငန်းအားလုံးကို လေးလေးနက်နက် ခံယူဆောင်ရွက်ကြစေလိုကြောင်း၊ တစ်နည်းအားဖြင့် သာမန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကိုသာ ဆောင်ရွက်ရခြင်းမဟုတ်ဘဲ အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲ ဆောင်ရွက်ရသည်များ ရှိသည့်အတွက် အရာရာကို သာမန်အဆင့်သာ တွေးတော လုပ်ကိုင်ခြင်း မပြုလုပ်ကြရန် သတိပြုစေလိုကြောင်း၊ မီဒီယာလုပ်ငန်းများ၏ အကျိုးသက် ရောက်မှုသည် လွန်စွာကျယ်ပြန့် ကြီးမားသည့်အတွက် ကျွမ်းကျင်မှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ ခံယူချက်ကောင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထို့ပြင် နိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြည်သူလူထုသိရှိအောင် ဆောင်ရွက်ပေးရန်နှင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ကိုလည်း နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်ကြရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် မိမိ တို့၏ အရည်အချင်းကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ မိမိတို့တတ်မြောက်သည်များကို အခြား ဝန်ထမ်းများသို့ လက်ဆင့်ကမ်း မျှဝေပေးကြရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လိုလားချက်၊ ဆန္ဒများကို သိရှိနေရန် လူထုသဘောထားအမြင်များကိုလည်း အမြဲလေ့လာ ဆောင်ရွက်နေရန်နှင့် ကောင်းမွန်သည့် လူထုသဘောထားအမြင်များ ဖြစ်ပေါ်လာစေရန် ပြည်သူ့ဆက်ဆံရေး နည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဌာနအလိုက် ဝန်ထမ်းများအတွက် လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) ပုံနှိပ်စက်ခန်း၊ CTP (Computer to Plate) ခန်းနှင့် ကြော်ငြာဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
သတင်းစဉ်