Skip to main content

တရားမဝင်ကျွန်းသစ်၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ကျောက်စိမ်းအကြမ်းထည်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် နှစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၈၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀) နှင့် နောက်တွဲ ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁၁၄၈၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် တရားမဝင်ကုန်သွယ်မှု ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Hijet အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်နှင့် ကျောက်စိမ်း အကြမ်းထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၂၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MAHAR NEW BUS အမျိုးအစား မော်တာ်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၂၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်အတွင်း Hijet အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စက်တင်ဘာ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း တရားမဝင်ကျွန်းသစ် တန် ၂ ဒသမ ၁၃၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄၀၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၇၃၂၈၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။     

သတင်းစဉ်