နေပြည်တော် စက်တင်ဘာ ၈
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားနှင့် Public Feedback Programme- PFP နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းများအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားနှင့် နည်းပညာအသုံးပြုမှုသင်တန်းကို နှစ်ရက်တာ ကျင်းပဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခမ်းအနားနှင့် သင်တန်းမှရရှိလာမည့် အသိပညာ ဗဟုသုတများမှာ မိမိတို့ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းများကို အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိစေပြီး အဂတိကင်းစင်သည့် ဝန်ကြီးဌာန တစ်ခု ဖြစ်လာစေရန် ခိုင်မာသည့် စနစ်တခုတည်ဆောက်နိုင်ရန် အထောက်အပံ့ပြုမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် အဂတိလိုက်စားခြင်းသည် မိမိ၏ကိုယ်ကျင့်သိက္ခာ၊ မိသားစုအသိုင်းအဝိုင်း ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ပုံရိပ်နှင့် စွမ်းဆောင်မှုကို ကျဆင်းစေပြီး အများပြည်သူ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှု လျော့နည်းလာနိုင်ခြင်းကြောင့် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိတရား လေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ စသည့် အဂတိတရားများ ကင်းကင်းနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ အခမ်းအနားနှင့် သင်တန်းမှပို့ချသည့် အသိပညာ၊ ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး မှန်ကန်သည့် စနစ်တည်ဆောက်ရာတွင် ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ်များကို အားကြိုးမာန်တက် ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြား သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အမှာစကားပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး နိုင်ငံတကာရေးရာနှင့် တားဆီး ကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ စီမံချက်ရေးဆွဲခြင်းနှင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်