မန္တလေး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အထိမ်းအမှတ် ညစာ စားပွဲအခမ်းအနားကိုယနေ့ ညနေ ၅ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာ မန္တလေးဟိုတယ်၌ကျင်းပသည်။
ညစာစားပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးမြို့ရှိ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ၊ မန္တလေး ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ညစာစားပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အချိန်မှာ မသမာသူအချို့၏အဖျက် အမှောက်လုပ်ရပ်အမျိုးမျိုး ကြုံတွေ့နေရသော်လည်း မန္တလေးမြို့ကြီး အကျည်းတန်အရုပ်မဆိုး ရလေအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးမြို့၏ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ချီးကျူးလေးစားပါကြောင်း နှင့် အသိအမှတ်ပြုပါကြောင်း၊
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာ ရှင်များသည် နိုင်ငံအကျိုးကို ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့်အတွက် နိုင်ငံပြုသုခမိန်များဟု ပြောကြရမည် ဖြစ်ပါကြောင်း၊
မိမိတို့၏အနုပညာစွမ်းအားဖြင့် တိုင်းပြည်တည်ငြိမ်တိုးတက်အောင် ဆက်လက်ဆောင်ရွက် ပေးကြစေလိုပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများသည် မိမိတတ်ကျွမ်းသည့်ပညာဖြင့် တိုင်းပြည်က အားကိုးရသည့် ဆရာဝန်များ၊ သမားတော်ကြီးများ ဖြစ်အောင် ကြိုးစားကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာတွင် မန္တလေးမြို့ တည်ငြိမ် အေးချမ်းမှုကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြည်သူများကိုကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှုနှင့် ဘဝတိုးတက် ရေးအတွက် မိမိတွင် တာဝန်ရှိသည်ဟုခံယူပြီး ကြိုးစားဆောင် ရွက်ပေးနေပါကြောင်း၊ စာတတ်မြောက်ရေးနေ့အခမ်းအနားကို နေ့ခင်းပိုင်းက ကျင်းပခဲ့ပြီး ယခုညစာစားပွဲသို့တက်ရောက်လာ ကြသူများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြို့မတေးဂီတ သက်ကြီးပညာရှင်ငါးဦးအားဆုများ ကိုလက်ရောက်ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ အားလက်ဆောင်ပစ္စည်းများ လက်ရောက် ပေးအပ်ကြသည်။
ဆက်လက်၍ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများက ကံစမ်းမဲများနှိုက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် အတူတကွ ညစာသုံးဆောင်ကြသည်။ ညစာ သုံးဆောင်စဉ် အနုပညာရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆင်ကြသည်။
နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာ၌တည်ထား ကိုးကွယ်လျက်ရှိသည့်သီတဂူ ဆန်ချီစေတီတော်နှင့် သီတဂူနွေရာသီစံကျောင်းတော်တို့ကို သွားရောက်ကြည်ညိုရာတည် ဆောက်ရေးတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သည့်နောက်တွင်ဗုဒ္ဓအယူဝါဒီ တို့ကဘုရား၏ ဓာတ်တော် မွေတော်များကိုခိုင်ခံ့လုံခြုံ သောထူပါရုံစေတီတော်ကြီးများ၌ ဌာပနာကြ၏။ ဤသို့ဖြင့် သီရိဓမ္မာ သောကမင်း၏ ခေတ်လောက်မှစ၍ ထူပါရုံစေတီတော်ကြီးများ သည်အိန္ဒိယနိုင်ငံအလယ်ပိုင်း ဗိုပါးစီရင်စု၊ဗိုပါးမြို့၏အရှေ့ မြောက် ၂၃ မိုင်အကွာတွင် တည်ရှိသောရွာကလေး တစ်ရွာဖြစ်သည့် ဆန်ချီရွာတစ်ဝန်း၌ ပေါ်ထွန်းခဲ့ကြရာထိုအကြောင်း ကိုမှီ၍ဆန်ချီရွာသည် ရာဇဝင်တွင်ထင်ရှားကျော်စောလာခဲ့သည်။
ထူပါရုံစေတီတော်ကြီးများကို ဗီတွာမြစ်၏ လက်ဝဲဘက်ကမ်း ပေ ၃ဝဝ အမြင့်ရှိသော သဲကျောက် တောင်ကုန်းငယ်တစ်ခုတွင် တည် ထားဆောက်လုပ်ခဲ့ကြသည်။ ဆန်ချီတောင်ကုန်း ပေါ်၌ကား ထူပါရုံစေတီတော်ကြီးပေါင်း ၁ဝ ဆူမျှရှိခဲ့လေသည်။ ယင်းတို့အနက် စေတီတော်ကြီးတစ်ဆူမှာ အချင်းအားဖြင့် ၁ဝ၃ ပေခန့်ရှိ ၍ဉာဏ်တော်အားဖြင့် ၄၂ ပေ ခန့် ရှိ၏။ ယင်းကို သီတဂူဆန်ချီ စေတီတော်အဖြစ်သီတဂူဆရာ တော်ကြီးဒေါက်တာအရှင် ဉာဏိဿရဦးစီး၍ ပြင်ဦးလွင် မြို့နယ်ထုံးဘိုကျေးရွာ၌ တည်ထားကိုးကွယ်နေခြင်းဖြစ်ပြီး လက်ရှိတွင်၄၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်သည်။
ထို့နောက်ပြင်ဦးလွင်မြို့ရှိ ခရိုင်စာကြည့်တိုက်ကိုကြည့်ရှု စစ်ဆေးပြီးကလေးစာဖတ်ခန်းအတွင်း စာပေလေ့လာဖတ်ရှုနေ ကြသောကလေးငယ်များအား ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးတို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ခရိုင်နှင့်မြို့နယ် ပြန်/ဆက်ရုံး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးကိုကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်း တည်ဆောက်ရန် လျာထားသည့်မြေနေရာကို ကြည့်ရှုကာဝန် ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည်ပြင်ဦးလွင်မြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံကိုကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့ ၃၂ မိုင် အောင်ချမ်းသာကျေးရွာရှိ ဝိပဿီဓမ္မရိပ်သာသို့ ရောက်ရှိပြီး ဆရာတော်အရှင်ပညိန္ဒအား ဖူးမြော်ကြည်ညိုကာ လိုဏ်ဂူ တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအားလည်းကောင်း၊ ဗြဟ္မစရိယ ဓမ္မဗိမာန်တော်အတွင်း ယောဂီများ တရားအားထုတ်ရန် စီစဉ်ထားသည့် နေရာများ ကိုလည်းကောင်းလှည့်လည် ကြည်ညို လေ့လာသည်။
မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ပုံနှိပ်ရေး နှင့်ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)သို့ ရောက်ရှိ ပြီးဝန်ထမ်း များအားတွေ့ဆုံ မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက်စက်ရုံအတွင်းရှိ ပုံနှိပ်စက်များ၊ စက္ကူဂိုဒေါင်၊ စာအုပ်ချုပ်စက်များနှင့် စက္ကူဖြတ်စက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
သတင်းစဉ်