Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ  ၈

ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံတွင် ဥပဒေသုတေသန (Legal Research) များ အားကောင်းရန် လိုအပ်ကြောင်း၊ သို့မှသာ တရားဥပဒေစိုးမိုးရေးအတွက် မှန်ကန်သော ဥပဒေအတွေးအမြင် ဗဟုသုတများ ပေါ်ထွက်လာမှာ ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသုတေသန လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို မဟာဗျူဟာရည်မှန်း ချက်အဖြစ်ထားရှိပြီး ၂၀၁၆ ခုနှစ်ကပင် စတင်ခဲ့ရာ ယခုအခါ အဖွဲ့ဝင် (၇၁) ဦး ဖြင့် ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စာတမ်းများ ပြုစုပြီးလျှင် စုစည်း၍ သုတေသနဂျာနယ်များ၊ စာတမ်းပေါင်းချုပ်များ ထွက်ရှိမှာ ဖြစ်ကြောင်း၊ စိန်ခေါ်မှုရှိသည့် ဥပဒေပြဿနာများကို ဦးစားပေးလေ့လာသုတေသန ပြုသင့်ကြောင်း၊ ယခုအခါ ပထမအကျော့ ရေးသားထားသော စာတမ်းများ ပြီးစီးပြီဟုသိရှိရကြောင်း၊ ဥပဒေသုတေသနအဖွဲ့အတွက် စံလုပ်ငန်းစဉ်ပြုစုပြီးလည်း ဖြစ်ကြောင်း၊   ဥပဒေသုတေသနလုပ်ငန်း အဖွဲ့အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနကို ပြည်သူများ ယုံကြည်ကိုးစားပြီး အားကိုးရသည့် စံပြအဖွဲ့အစည်းတစ်ခုဖြစ်စေရေး၊ အရည်အသွေးပြည့်ဝသော ဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး တိုးတက်အားကောင်းလာစေရေး၊ တရားမျှတမှုကိုပြည်သူ အားလုံးလက်လှမ်းမီစေရေး၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး အရည်အချင်းပြည့်မီသော ဥပဒေ အရာရှိများဖြစ်စေရေးအတွက် အထောက်အပံ့ပြုနိုင်မည့် ဥပဒေသုတေသနစာတမ်းများ ပြုစုရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းအဖွဲ့ဝင်များနှင့် ဥပဒေသုတေသနဌာနစိတ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

(သတင်းစဉ်)