Skip to main content

ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးရေးအခြေခံသော စားသောက်ကုန်ထုတ်စက်မှု လုပ်ငန်းအဖြစ် ကျယ်ပြန့်သော လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးရေးကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၇

ကြံစိုက်တောင်သူများနှင့် သကြားစက်လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ကြံစိုက်တောင်သူများနှင့် စက်ရုံလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေရန် ဌာနဆိုင်ရာဘက်က တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ သုံးသပ် ဖော်ထုတ်နိုင်ရေးအတွက် “ကြံသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ယနေ့ဆွေးနွေးပွဲတွင် ကြံသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည် ဖြစ်သော်လည်း သီးနှံတစ်မျိုးတည်းအမြင်ဖြင့် ဆွေးနွေးခြင်းမဟုတ်ဘဲ စိုက်ပျိုးရေးအခြေခံသော စားသောက် ကုန်ထုတ်စက်မှုလုပ်ငန်းအထိ ဖြန့်ကြက်ကြည့်မည်ဆိုပါက လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက်၏ ထုတ်လုပ်မှုတန်ဖိုး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး သာမကပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရေးအထိ ကျယ်ပြန့် သောကဏ္ဍတစ်ခုအဖြစ် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်ကို လက်တွေ့ အကောင်အထည်ဖော်သည့် လုပ်ငန်းတစ်ခု အဖြစ်ရှုမြင်ပြီး ပညာရှင်များအနေဖြင့် မိမိတို့ကျွမ်းကျင်ရာကဏ္ဍများမှ ဆွေးနွေးဖော်ထုတ်သွား ကြရန်တိုက်တွန်းပါကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ကြံသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမီမီစိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိခိုင်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာမြင့်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ ရာ စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်ခြင်း များဖြင့် သကြားဈေးကွက်နှင့် သင့်တော်သည့် ကြံဈေးနှုန်း ရရှိအောင်ဆောင်ရွက်နိုင်ရေး၊ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ Fully Mechanized စနစ် ဆောင်ရွက်ကျင့်သုံးရေးဆိုင်ရာများ၊ ကြံစိုက်ပျိုး ထုတ်လုပ်ခြင်းကို ထိရောက်စွာအကျိုးပြုနိုင်မည့် လက်တွေ့အသုံးချသုတေသနနှင့် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊ သကြားထုတ်ကုန်အပြင် ကြံသီးနှံအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်