နေပြည်တော် စက်တင်ဘာ ၇
သံလွင်မြစ်ကူး ကွမ်းလုံတံတားသစ် တည်ဆောက်နေစဉ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်အတွက် အရန်တံတားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချမ်းမြို့ပြည်သူ့ အစိုးရမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ယနေ့လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် အရှည် ၁၅၅ မီတာ၊ တံတားခံနိုင်ဝန် တန် ၅၀ ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်တံတား လွှဲပြောင်းလက်ခံရေး အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ကွမ်းလုံတံတားသစ် တည်ဆောက်ပြီးစီးသွားပါက နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့မည်ဖြစ်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လတ်တလောကာလတွင် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စေရေးနှင့် နှစ်နိုင်ငံဒေသတွင်းရှိ ပြည်သူများလူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာရေးတို့ အတွက် ကွမ်းလုံတံတား သစ်၏ အရန်တံတား လွှဲပြောင်းပေးအပ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် လင်ချမ်းမြို့ ပြည်သူ့အစိုးရအဖွဲ့မှ ကော်မတီအတွင်းရေးမှူး Mr.ZHANG ZHIZHENG၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဦးသော်တာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသံမှူး Mr. TAN SHUFU တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် လင်ချမ်းမြို့ ပို့ဆောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. ZI XINJUN က ကွမ်းလုံ တံတားစီမံကိန်း အရည်အသွေးစစ်ဆေးသည့် အစီရင်ခံစာနှင့် ကွမ်းလုံအရန်တံတားစီမံကိန်း စစ်ဆေးရေးဆိုင်ရာ အစီရင်ခံစာကို ဖတ်ကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးတို့နှင့် လင်ချမ်းမြို့ပြည်သူ့အစိုးရအဖွဲ့မှ Mr.GUO YUNYUN ၊ Mr. SHEN XIUQIANG၊ Mr. ZI XINJUN နှင့် Mr. WANG SHIHONG တို့က ကွမ်းလုံအရန်တံတား ပြီးစီးမှုနှင့်ပတ်သက်၍ ပူးတွဲစစ်ဆေးမှုဆိုင်ရာမှတ်တမ်းကို လက်မှတ်ရေးထိုးကြပြီး လင်ချမ်းမြို့ အစိုးရအမှုဆောင် ဒုတိယမြို့တော်ဝန်က အမှာစကားပြောကြားကာ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။
သတင်းစဉ်