Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စစ်ကိုင်းတောင်ရိုးရှိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ဖူးမြော်ကြည်ညို

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း စက်တင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီသို့ ရောက်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ၊ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အား ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် ဆရာတော်ကြီးအား ပြည်ထောင်စုဝန်ကြီးက အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ်စာစောင် များကို ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဆရာတော်ကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းပြီး စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော် အနောက်ဘက် ရင်ပြင်တော် တိုးချဲ့၍ အလျား ၁၀၈ ပေ x အနံ ၅၄ ပေ x အမြင့် ၁၈ ပေရှိ ပုညရှင် ဗိမာန်ငယ် တည်ဆောက်မည့် အစီအစဉ်ကို ပုံစံငယ်များနှင့်တကွ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆရာတော်ကြီးက ဩဝါဒစကား မြွက်ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သံဝေဇနိယ ဓမ္မာရုံကို သွားရောက်ကြည့်ရှု လေ့လာ ကြည်ညိုကြသည်။ အဆိုပါဓမ္မာရုံအတွင်း သရုပ်ဖော် ပြသထားမှုများနှင့် ပတ်သက်၍ ဒေါက်တာသုန္ဒရက ရှင်းလင်းပြသသည်။ ထိုဓမ္မာရုံ၌ ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဖွားပွင့်ဟောစံကို ကိုယ်စားပြု၍ ဓမ္မာရုံ၏ အတွင်း/ အပြင်/မျက်နှာကြက်ကို မြန်မာ့ပန်း ၁၀ မျိုးဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ဖော်ကျူးပြသထားသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ကျယ်ပြန့် စွာ ဖော်ပြထားပြီး ပြတိုက်သဖွယ် စုစည်းပြသထားသည့် ဓမ္မာရုံကြီး လည်း ဖြစ်သည်။ ယင်းဓမ္မာရုံကို အများပြည်သူများ လာရောက် လေ့လာကြည့်ရှု ကြည်ညိုနိုင် ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာ ကြည်ညိုကြသည်။ ထို့နောက် စစ်ကိုင်းမြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက ယနေ့အချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာအချို့က ပြည်သူများအား တွေးခေါ်မြော်မြင်မှု၊ ခံစားနားလည်မှုများ လွဲမှားစေရန် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်ကို အသုံးချ၍ အမုန်းစကားများ၊ သတင်းအမှားများဖြင့် ပြည်သူများအား မှိုင်းတိုက်ဆောင်ရွက် နေသည်ကို တွေ့ရသည့်အတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါကြောင်း။ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်ကို ဖြည့်ဆည်းနိုင်ရန်နှင့် သတင်းတု သတင်းမှားများ တိုက်ဖျက်နိုင်ရန်အတွက် မီဒီယာနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိသော်လည်း နည်းပညာ အားကိုးဖြင့် အနိုင်ကျင့် ဟန့်တားမှု၊ နှောင့်ယှက်ကန့်သတ်ပိတ်ပင်မှု များကို ကြုံတွေ့နေရပါကြောင်း၊ ယနေ့အချိန်တွင် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း၌ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားဆိုသည့် ကျင့်ဝတ်စည်းကမ်းများ ပျက်သုဉ်းကာ လူအချင်းချင်း မေတ္တာထားမှု အားနည်းလာသည်ကို တွေ့မြင်ရသည့်အတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဘာသာ သာသနာ စည်ပင် ထွန်းကားရာ ဒေသကြီးဖြစ်သဖြင့် နယ်မြေအေးချမ်းတည်ငြိမ်စေချင် ပါကြောင်း၊ ယခုအခါ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ နယ်မြေ အချို့တွင် မသမာသူအဖျက်သမား များက အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်မှုများကို ကျူးလွန်နေကြ သည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဟန့်တား တိုက်ဖျက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသအခြေအနေ နှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြို့မိမြို့ဖများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ကလေးစာဖတ်ခန်း၊ ပြည်သူ့ စာကြည့်တိုက်၊ ပြတိုက်ငယ် (Mini Museum) နှင့် ကွန်ပျူတာ သင်တန်းခန်းမတို့ကို ကြည့်ရှု စစ်ဆေးကာ Community Centre ခန်းမ၌ စစ်ကိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

သတင်းစဉ်