Skip to main content

ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုစီမံကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါစီမံကိန်း လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၊ ပေါမူဘူတာရှိ ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ လမ်းပိုင်းအသီးသီး အလိုက် တာဝန်ယူဆောင်ရွက်နေမှု၊ လုပ်ကွက်အလိုက် မြေကြီး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ယာဉ်၊ ယန္တရားအသုံးပြုမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ထီးသိမ်ဘူတာအနီး ထည့်သွင်းတည်ဆောက်မည့် အဝိုင်းပတ်ရထားလမ်း တည် ဆောက်နေမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး က စီမံကိန်းလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလများအတိုင်း ပြီးစီးရေး အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်ကြရေး၊ တောင်ပေါ်လမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် လုပ်ငန်းခွင်နေရာ အချို့သည် တူးမြေ၊ ဖို့မြေပမာဏများပြားစွာ လုပ်ကိုင်နေရခြင်းဖြစ်၍ လူနှင့်ယာဉ်၊ ယန္တရားများ ဘေးအန္တရာယ် ကင်းစေရေး ဂရုပြုဆောင်ရွက်ကြ ရေး၊ တာပေါင်တည်ဆောက်ရေးလုပ်ငန်းပြီးစီးသည်နှင့် ကျောက် ဖြည့်တင်းခြင်း၊ ကွန်ကရစ်ဇလီ ဖားခင်းခြင်း၊ သံလမ်းခင်းခြင်းစသည့် လုပ်ငန်းများကိုလည်း ဆက်တိုက် ဆောင်ရွက်နိုင်ရေး တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရထားလမ်း စီမံကိန်း လမ်းအူကြောင်း တစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာ့မီးရထား တောင်ကြီးဘူတာရှိ ခရီးသည်များ နားနေဆောင်တွင် တောင်ကြီး မြို့၌ တာဝန်ထမ်းဆောင်လျက် ရှိကြသော ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်ချမှတ် အကောင်အထည်ဖော်နေမှု အခြေ အနေများကိုရှင်းပြပြီး ဌာနတိုင်း ဝန်ထမ်းလုံခြုံရေး၊ ပစ္စည်းလုံခြုံ ရေးနှင့် အဆောက်အဦများ လုံခြုံ ရေးတို့ကို အစဉ်သတိပြုဆောင် ရွက်ကြရေး၊ နိုင်ငံတော်အတွက် အခွန်ငွေနှင့် ဝင်ငွေများတိုးတက် ရှာဖွေစွမ်းဆောင်ကြရေး၊ ဌာနပိုင်မြေများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးကို တတ်နိုင်သလောက် ဆောင်ရွက်ခြင်းဖြင့် သက်သာချောင်ချိမှု ရှိလာစေရေး၊ မိမိဌာန၏ရည်မှန်း ချက်၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းထမ်းဆောင်ကြရေး၊ ဝန်ထမ်းများ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းသစ္စာဓိဋ္ဌာန် (၆)ချက်တို့နှင့်အညီ လိုက်နာ ကျင့်ကြံ တာဝန်ထမ်းဆောင်ကြရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ အန္တရာယ်ကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကြရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာသို့ အမှတ် (၁၅၄)အစုန် လူစီးရထားဖြင့် လိုက်ပါကြမည့် ဒေသခံခရီးသည်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးလေဆိပ်သို့ရောက်ရှိရာ ဧည့်ခန်းမတွင် လေဆိပ်တာဝန်ခံက ဟဲဟိုးလေဆိပ်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် အနာဂတ်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လေဆိပ်အဆောက်အဦနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိရေးအတွက် အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်