Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွယ်ပါရင်-မယ်ကြုတ် ကျောက်လမ်းနှင့် ယောင်ခ-လွယ်ပါရင် လမ်းပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းယောင်းမြို့ ဝမ်တပ်ကျေးရွာအုပ်စု တာခွယ် ကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်ဝမ်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်း (Pilot Project)ဖြင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနေမှု အခြေအနေ နှင့် ရရှိလာသည့်ရေအရင်းအမြစ်ကို အသုံးပြု၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်မိုင်းယောင်း သမဝါယမအသင်းမှ တည်ဆောက်ပြီးစီးခဲ့သော တစ်နေ့ တန် ၃၀ ကျ ဆန်စက်ကို လေ့လာကြည့်ရှုပြီး မိုင်းယောင်းမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်၍ ရုံးဝင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိုင်းယောင်းမြို့နယ် မုန်းလိုက်-ပါလျှိုးလမ်းပေါ်တွင် မိုင်တိုင်အမှတ် ၁၀ မိုင်တွင် လမ်းတာချဲ့ခြင်းဆောင်ရွက်မည့် လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသော (၁၄/၀) မိုင်အား အပြီးသတ်ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း မိုင်းပန်မြို့ မြစိမ်းတောင်စေတီတော်ကို တက်ရောက် ဖူးမြော်ကြည်ညို၍ စေတီတော်ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်သွားရန်မှာကြားပြီး မိုင်းတုံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကြီးကြပ်ရေးမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် မိုင်းဆတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်၍ ကျောင်း ဝင်းအတွင်းရှိ စားရိပ်သာ၊ အိပ်ဆောင်နှင့် တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင် စီမံကိန်း လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ဟိုနားကျေးရွာ စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသား တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်း များအားတွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သဗ္ဗညုကျောင်းတိုက်ဆရာတော်အား သွားရောက် ဖူးမြော်၍ လှူဖွယ်ဝတ္ထုများနှင့် သဗ္ဗညု(မူလွန်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများကို လှူဒါန်း ထောက်ပံ့ ပေးအပ်သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၄ ရက် ကလည်း မိုင်းပန်မြို့ လွိုင်နွဲ့ကျေးရွာရှိ မိုက်ညုကမ္မဋ္ဌာန်းကျောင်းတိုက် သို့သွားရောက်ပြီး ကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ကမ္မဌာနစရိယဆရာတော်များအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကျောင်းဝင်းအတွင်း သောက်သုံးရေရရှိရေး အတွက် အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း၊ အရှည် ပေ ၂၈၀၀ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ ပေ (၁၄၀ x ၇၀) ဓမ္မာရုံ တည်ဆောက်နေသည့် အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းပန်မြို့ ကျက်သရေဆောင် မဟာတေဇာဓိပတိ စေတီတော်မြတ်ကြီးကို ဖူးမြော်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်းဆောင်ရွက်ပေးလျက် ရှိသော ဆေးသုတ်မွမ်းမံခြင်း၊ ရင်ပြင်တော်ကျောက်ပြားများ လဲလှယ် ခြင်းနှင့် ပေ (၆၀ x ၃၀) RC တစ်ထပ် ဘုန်းတော်ကြီးကျောင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားသည်။

သတင်းစဉ်