နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ပြီး ရုရှား-မြန်မာ မိတ်ဆွေညီအစ်ကို နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များဖွင့်လှစ် နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်းတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြသည်။
ကမ္ဘာပေါ်တွင် တိုးတက်သောနိုင်ငံများ၌ နျူကလီးယားစွမ်းအင်ကို အသုံးပြု၍ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နေကြသည်။ နျူကလီးယားစွမ်းအင်ဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာအောင် ဖန်တီးပေးနိုင်သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုနေကြသည်။ ယခုကဲ့သို့ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများ လေ့လာခွင့်ရပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိခဲ့သည့်အတွက် အနာဂတ်တွင် နိုင်ငံနှင့် ပြည်သူအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
အဆိုပါ နျူကလီးယားစွမ်းအင်သည် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ငြိမ်းချမ်းစွာအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းစဉ်များ(Road Map)ချမှတ်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။ နျူကလီးယား စွမ်းအင်ဖြင့် နိုင်ငံတစ်ခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ပြီး မြန်မာနိုင်ငံ၌ အဆိုပါစွမ်းအင် တည်ဆောက်နိုင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းများအပါအဝင် သိပ္ပံနှင့်သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ပြုမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၆ ရက် နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးနှင့် အရှေ့ဖျားစီးပွားရေးဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြား၊ တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်းပီသစွာဖြင့် ဆက်ဆံရေး ကောင်းများကို တည်ဆောက်နိုင်ခဲ့သည်။ စစ်ဘက်နည်းပညာကဏ္ဍတွင် အောင်မြင် စွာဆောင်ရွက် နိုင်သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကဏ္ဍများတွင်လည်း ခိုင်မာသည့်ဆက်ဆံရေး သမိုင်းကောင်းကို တည်ဆောက်နိုင်ခဲ့သည်။ ရုရှား-မြန်မာ မိတ်ဆွေညီအစ်ကိုနိုင်ငံနှစ်ခုအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး အနာဂတ်တွင် နှစ်နိုင်ငံအကြား တိုးတက်ခေတ်မီသည့် ကဏ္ဍသစ်များကို ဖွင့်လှစ် နိုင်မည့် အလားအလာကောင်းများကို မြင်တွေ့နေရသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်တို့ တက်ရောက် လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌလည်း ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ကြသည့် နိုင်ငံ့ ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ အလံများကို Intrenational Space Station တွင် ကမ္ဘာအားနောက်ခံပြုကာ ထင်ရှားစွာတွေ့မြင်နိုင်ရေး ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ရာ မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလှမ်း ဝေးကွာသော်လည်း အစဉ်အဆက်ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့သည်။ မျက်မှောက်ကာလတွင် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အမျိုးမျိုးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ရုရှား-မြန်မာ မိတ်ဆွေညီအစ်ကို နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်များကို အနာဂတ်ကာလများတွင် လည်း ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း။ ။