Skip to main content

စာရင်းစစ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၆

စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်-၃၈ ကို စာသင်ခန်း တက်ရောက် (Face To Face) ဖြင့် သုံးပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး စုစုပေါင်း သင်တန်းသား ၁၁၁ ဦး တက်ရောက်ပြီး မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပရာ သင်တန်းသားများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ပြီး ရုံး၏ဂုဏ်ကို ဖော်ဆောင်နိုင်သည့် နိုင်ငံမှအားထားရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက တိုက်တွန်းမှာကြားသည်။

ထို့ပြင်စာရင်းစစ်မှူးများ၏ အသိပညာ၊ ဗဟုသုတနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ စာရင်းစစ် ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ထိရောက်ကောင်းမွန် မှန်ကန်စေရေးအတွက် ထိန်းကျောင်းတည့်မတ်ပေးသည့်တာဝန်ကို ထမ်းဆောင်နေရကြသူများ ဖြစ်ပါကြောင်း၊ ထိုတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ရန်အတွက် ပညာရပ်ဆိုင်ရာ အရည်အချင်းများ သာမကပြောင်းလဲဖြစ်ပေါ်နေသည့် ခေတ်စနစ်များနှင့်အညီ အတွေးအခေါ် အယူအဆများလည်း လိုက်ပါတိုးတက်မြင့်မားလာစေရန် လိုအပ်ပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုများသည် ပြီးဆုံးသည်မရှိသဖြင့် သင်တန်းမှ လေ့လာသိရှိခဲ့ရသည်များဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြောကြားသည်။

သတင်းစဉ်