Skip to main content

ပြည်ပရှိမြန်မာသံရုံးများသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများ အကျိုးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများအား ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီတွင် Video Conferencing စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဦးတည်ချက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ဆက်လက်ကျင့်သုံးရေးကို နိုင်ငံရေးဦးတည်ချက်အဖြစ် ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများ အကျိုးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များနှင့် ပြင်ပမှ မမှန် သတင်းဖော်ပြချက်များကိုလည်း ပြန်လည်တုံ့ပြန် ဖြေရှင်းအသိပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သံရုံးလုံခြုံရေးနှင့် လူပုဂ္ဂိုလ်၊ စာရွက်စာတမ်း လုံခြုံရေးများကို အထူးဂရုစိုက်ကြရန်၊ သံရုံးအကြီးအကဲများမှအဆင့်ဆင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ပတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံတမန်များအနေဖြင့် ရှေ့တန်းတိုက်စစ်မှူးများဖြစ်သကဲ့သို့ ခံစစ်မှူးများလည်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍသည် နက်နဲသိမ်မွေ့သည့် ကိစ္စဖြစ်၍ သံရုံးအကြီးအကဲများ အနေဖြင့် အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက် သွားကြရန်နှင့် မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ပြီး အချင်းချင်း အပြန်အလှန် လေးစားမှု စိတ်ဓာတ်ရှိစေရန်လည်း ထိန်းကြောင်းကြပ်မတ်သွားကြရန် လိုအပ်ကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အစိုးရ၏ ရပ်တည်ချက်၊ သဘောထားနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရင်ဆိုင်နေသည့် အမှုကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးများနှင့် ပဋိပက္ခချဉ်းကပ်ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံး ယာယီတာဝန်ခံများက ဆွေးနွေးတင်ပြရာ၊ ယင်းတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။

သတင်းစဉ်