၁။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည် ဟူသော စွပ်စွဲချက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်း အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ် အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် ၂၀၁၈ ခုနှစ်မှ စတင်ဖော်ပြခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ရေးအတွက် ပဋိပက္ခနှင့် စပ်လျဉ်းသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ၇-၁၂-၂၀၁၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့နောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ၂၆-၃-၂၀၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန် သန္နိဋ္ဌာန်ရှိသည်နှင့် အညီ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ၃၁-၃-၂၀၂၁ ရက်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
၂။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ယင်းသို့ ရေးဆွဲရေးအတွက် အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၉)ကြိမ် ကျင်းပခဲ့သည်။ တတိယအကြိမ်နှင့် ပဉ္စမအကြိမ် အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး များတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်း ဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့သည်။ အမျိုးသား လုပ်ငန်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အတည်ပြုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၂၁၀၆ ပါ အချက်များ၊ ပူးတွဲ ကြေညာချက်ပါ ဦးစားပေးများနှင့် အထူးကိုယ်စားလှယ် ထံမှ ပေးပို့သော သဘောထား မှတ်ချက်များကို သင့်လျော်သလို ထည့်သွင်း ရေးဆွဲထားသည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၁၀-၁၁-၂၀၂၁ ရက်မှ ၁၀-၁၁-၂၀၂၂ ရက်အထိ စီမံချက်ကာလ တစ်နှစ် သတ်မှတ်ထားပြီး ဒုတိယ သုံးလပတ်အတွက် အကောင်အထည် ဖော်လျက် ရှိသည်။
၃။ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စား လှယ်ရုံးသို့ ၅-၁၁-၂၀၂၁ ရက်တွင် ပေးပို့ခဲ့သည်။ ထို့ပြင် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ကိုလည်း ၄-၇-၂၀၂၂ ရက်တွင် အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အစဉ်အလာမပြတ် ထိန်းသိမ်းခဲ့သည်။
၄။ သို့ရာတွင် ၂၉-၃-၂၀၂၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှု ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် မြန်မာနိုင်ငံကို ထပ်မံ ထည့်သွင်းခဲ့ကြောင်း စိတ်ပျက်ဖွယ် တွေ့ရှိရ သည်။ ယင်းအစီရင်ခံစာ ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးကို ၁၃-၄-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲမှုများ ပြုလုပ်ပါက ယင်းနိုင်ငံအစိုးရ၏ တုံ့ပြန်ချက်များကိုလည်း မျှတစွာ ထည့်သွင်း ဖော်ပြရသည်မှာ အများလက်ခံထားသောမူ ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရမည့်အစား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးသည် အစီရင်ခံစာပါ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည့်အပြင် အစီရင်ခံစာတွင် အစိုးရက ပေးပို့ထားသော အချက်အလက်များကို ချန်လှပ်ခဲ့သည်။
၅။ အဆိုပါ အစီရင်ခံစာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း သတင်းရရှိသည်ဟု သိမ်းကျုံး စွပ်စွဲထားသော်လည်း ဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာ၊ နေ့ရက်နှင့် အချိန်စသည်ဖြင့် စိစစ်နိုင်သော အချက်အလက်များ ပါဝင်ခြင်း မရှိပေ။ သို့ဖြစ်ရာ ယင်းအစီရင်ခံစာသည် ယုံကြည် လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် မြန်မာနိုင်ငံကို နိုင်ငံရေး အခြေခံဖြင့် သိက္ခာချရန် ပိုမိုရည်ရွယ်ကြောင်း သက်သေပြလျက် ရှိသည်။
၆။ တပ်မတော်သားများ အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ပြစ်မှုများ မကျူးလွန်စေရန် အရပ်ဘက် ဥပဒေအပြင် စစ်ဘက်ဥပဒေနှင့် အမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရသည်။ ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ် တွေ့ရှိပါကလည်း ပြင်းထန် ထိရောက်စွာ အရေးယူ အပြစ်ပေးလျက်ရှိပြီး အဓမ္မပြုကျင့် လူသတ်မှု ကျူးလွန်သူများကို အမြင့်ဆုံး ပြစ်ဒဏ်အထိ ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင် မြို့ရှိ ဖာခတ်ကျေးရွာတွင် တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္ မပြုကျင့်ခဲ့သဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လုံးဝလက်မခံသည့် မူနှင့်အညီ အများပြည်သူ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ယင်းကိစ္စကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အများပြည်သူသို့ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၇။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုင်ကြားနိုင်ရန် ၂၉-၁၁-၂၀၁၆ ရက်မှစ၍ Helpline နံပါတ်များ သတ်မှတ်ထားရှိခဲ့ပြီး နစ်နာသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးလျက် ရှိသည်။ စနစ်တကျ လေ့ကျင့်သင်ကြား ပေးထားသည့် လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲသူများသည် အကြမ်းဖက် ခံရသူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်လူမှုရေးပိုင်း ဆိုင်ရာ၊ ဥပဒေပိုင်း ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင် ရည်ပြန်လည် မြှင့်တင်ပေးရေးဆိုင်ရာ လိုအပ်သည့် အကူအညီများကို ညွှန်းပို့ချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် ၅-၁-၂၀၂၂ ရက်မှစ၍ ပြည်သူများ လက်လှမ်းမီ တိုင်ကြားနိုင်ရေးအတွက် Viber နှင့် Helpline-DSW Facebook Page တို့ကဲ့သို့ အွန်လိုင်းဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိ၍ ယင်းသို့ တိုင်ကြားနိုင်ကြောင်း သတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ပြည်သူများသို့ အသိပေး ဆောင်ရွက်လျက် ရှိသည်။
၈။ ဖြစ်စဉ် အခြေအနေအရ သီးခြား လုံခြုံမှုပေးရမည့် လိင်ပိုင်း အကြမ်းဖက်ခံရသူများအား တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center-OSWSC) များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ဖွင့်လှစ်ထားရှိပြီး လက်ခံ စောင့်ရှောက် ကာကွယ်ပေးလျက် ရှိသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ်များ ဖြေရှင်းပေးရာတွင် တရားရင်ဆိုင်နိုင်ရေး၊ ခရီးစရိတ်နှင့် ပြန်လည် ရပ်တည်ရေးအတွက် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့မှု စရိတ်များ ဆောင်ရွက်ပေးလျက် ရှိသည်။
၉။ မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ တားဆီး ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး ဖြစ်ပေါ်လာပါက ကျူးလွန်သူများအား လုံးဝသည်းခံ ခွင့်လွှတ်ခြင်း မရှိရေး မူဝါဒနှင့်အညီ အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
သတင်းစဉ်