နေပြည်တော် စက်တင်ဘာ ၅
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့် ပြုပေးလျက် ရှိကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ ငွေစာရင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှ စတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံ ဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစု လွှဲပို့ငွေ ရရှိမှုမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန် ဒေါ်လာ ၆၁၅၂ ဒသမ ၀၄၄ သန်း ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်း ပြောကြားသည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြန်လည် လွှဲပို့သည့် မိသားစု လွှဲပို့ငွေများကို တရားဝင် ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပို့ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူများ ထံမှ မိသားစုလွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လွှဲငွေ များသည် တိုင်းပြည် ဖွံ့ဖြိုးရေး အတွက်သော် လည်းကောင်း၊ နိုင်ငံခြားငွေ ရှာဖွေရေး အတွက်သော် လည်းကောင်း အရေးကြီး အခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် မိသားစု လွှဲပို့ငွေနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း။
ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် မတိုင်မီက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင် လျှောက်ထားခြင်း၊ စိစစ်ခြင်း စည်းကမ်းများ နှင့် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်စည်းကမ်းများ၊ မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် လိုက်နာရမည့် စည်းကမ်းများ၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များအရ အေဂျင်စီ များအနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားများအား ၎င်းတို့ရရှိသည့် လုပ်အားခများကို မိသားစုများ ထံသို့ တရားဝင် လွှဲပြောင်း ပေးပို့နိုင်ရေး ကူညီ ဆောင်ရွက်ပေးရမည်ဟု ပါရှိသဖြင့် အလုပ်သမားများ ရရှိမည့် လစာ၏ ရာခိုင်နှုန်း မည်မျှဆိုသည်ကို သတ်မှတ်၍ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်တွင် လည်းကောင်း၊ အေဂျင်စီနှင့် အလုပ်သမားအကြား ချုပ်ဆိုမည့် စာချုပ်တွင် လည်းကောင်း ထည့်သွင်း ချုပ်ဆိုနိုင်ရေးနှင့် ပြည်ပ နိုင်ငံများမှ အလုပ်သမားများ မိသားစု လွှဲပို့ငွေများကို တရားဝင် လွှဲပို့နိုင်ရေး ဆောင်ရွက်ပေးရမည့် လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များ သတ်မှတ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တက်ရောက် လာကြသူများကို ပါဝင် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
ထို့နောက် တက်ရာက် လာသူများက ဆွေးနွေး တင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ ကိုယ်စားလှယ်များ၊ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်း ကော်မတီအဖွဲ့ ခေါင်းဆောင်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်