နေပြည်တော် စက်တင်ဘာ ၅
မီဒီယာသည် လူအများ၏ စိတ်ကို ဆွဲဆောင်စည်းရုံး နိုင်သည့်အတွက် မိမိတို့နိုင်ငံ အနာဂတ် ပိုမိုတိုးတက် ကောင်းမွန်အောင် မီဒီယာ နည်းလမ်းဖြင့် ကူညီနိုင်ရန် ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် မှတ်တမ်းဗီဒီယို ရိုက်ကူး တည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြား ရာတွင် မီဒီယာ၏ အခန်းကဏ္ဍသည် ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံ၏ ပုံရိပ်ကို တက်အောင်၊ ကျအောင် ပြုလုပ်နိုင်ပါကြောင်း၊ အနုပညာ၊ မီဒီယာနှင့် ကင်းကွာ၍ မရပါကြောင်း၊ မီဒီယာနှင့် ဆက်စပ်ပြီး ပြည်သူများ စိတ်ကြည်နူး ချမ်းမြေ့အောင် ထိုမှ တစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားအောင် စိတ်ဝင်စားဖွယ် စီစဉ်တင်ဆက်ရမည် ဖြစ်ပါကြောင်း။
အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်
သတင်းတွင် အရုပ်အသံ၏ အရည်အသွေးသည် သတင်း၏ တန်ဖိုးကို ပိုမိုမြှင့်တင် ပေးနိုင်သည့် အတွက် သတင်းရေးသားမှုနှင့် ရိုက်ကူး တည်းဖြတ်မှုများသည် ချိတ်ဆက်နေ ပါကြောင်း၊ မှတ်တမ်းဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူး တည်းဖြတ်ခြင်းတွင်လည်း အရုပ် အသံ အနေအထား မှန်ကန်ပြီး စနစ်တကျရှိရန်နှင့် ခေတ်နှင့်အညီ ဖန်တီး တင်ပြနိုင်မှုသည် မီဒီယာ၏ အခန်းကဏ္ဍတွင် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။
ယခုသင်တန်းသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို သတင်းမှတ်တမ်းအဖြစ် စနစ်တကျ ရိုက်ကူးတည်းဖြတ်နိုင်ရန်၊ အွန်လိုင်း မီဒီယာများတွင် သတင်းများကို စနစ်တကျ ရေးသားတင်ပြနိုင်ရန်၊ အခမ်းအနားများတွင် မှတ်တမ်း ရိုက်ကူးရေးနှင့် ဗီဒီယိုများကို ခေတ်နှင့်အညီ ဖန်တီးနိုင်မှု စွမ်းရည် မြင့်တက်လာစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါ ကြောင်း။
ဆွေးနွေး ပို့ချမှုများကို လေးလေးနက်နက် ခံယူ၍ လုံ့လဝီရိယ စိုက်ထုတ်ပြီး ကြိုးစား သင်ယူရမည် ဖြစ်ပါကြောင်း၊ မီဒီယာ နည်းလမ်းဖြင့် မိမိတို့ဌာန၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် တက်ရောက် လာသည့် သင်တန်းသားများက ဖော်ဆောင်ပေးရမည် ဖြစ်ပြီး သင်တန်းမှ ပို့ချပေးလိုက်သည့် မီဒီယာပညာရပ်များကို ပြန်လည် မျှဝေကြစေလိုကြောင်း ပြောကြား သည်။
အဆိုပါ မှတ်တမ်း ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သတင်းရေးသားခြင်း ဆိုင်ရာ သင်တန်း အမှတ်စဉ်(၁)ကို စက်တင်ဘာ ၅ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ အရာထမ်း၊ အမှုထမ်း ၄၈ ဦး တက်ရောက် ကြသည်။
သင်တန်းတွင် သတင်းများ၊ အစီအစဉ်များ၊ မှတ်တမ်းဗီဒီယိုများ စနစ်တကျ ရိုက်ကူးနိုင်ရေး၊ သတင်းများ တည်းဖြတ်ခြင်း၊ Breaking News, Up Date News သတင်းခေါင်းစဉ် တည်းဖြတ်ခြင်း၊ သတင်းတန်ဖိုးနှင့် သတင်း ရေးသားနည်း အခြေခံအချက်များကို သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်