Skip to main content

ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်များကို ဆောင်ရွက်နေပြီ

နေပြည်တော် စက်တင်ဘာ ၅

အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System – PRs) ကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး လက်ရှိတည်ဆဲ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ ၇၁ ပါတီ တက်ရောက်ခဲ့ပြီး လေးကြိမ် ဆွေးနွေးမှုပြုခဲ့ရာ၌ နောင်ရွေးကောက်ပွဲများ ကျင်းပသည့်အခါ PR စနစ် ပြောင်းလဲ ကျင့်သုံးရန်နှင့် စတင်ကျင့်သုံးရာ တွင် မဲဆန္ဒရှင် ပြည်သူများ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်မည့် Close List PR စနစ်အား ကျင့်သုံးရန် သဘောတူခဲ့ကြကြောင်း၊ ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို PR စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ပြဋ္ဌာန်း နိုင်ရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန် ထမ်းဆောင်မည့် အမှုထမ်း (ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင် အကြိုစွမ်းရည်မြှင့် သင်တန်း အမှတ်စဉ် ( ၅ / ၂၀၂၂ ) သင်တန်း ဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက စစ်ကြောရေးနှင့် တည်းခိုနေထိုင်ရေး(ရွာတော်)တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌက သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

အမြဲမပြတ်လေ့လာ

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သင်တန်းတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ ဆောင်ရွက်ရမည့် အပိုင်းများကို သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သင်တန်းမှ ပို့ချလိုက်သည့် စာတွေ့လေ့လာ သိရှိမှုများကို လက်တွေ့လုပ်ကိုင်ရာ၌ ကြုံတွေ့ရသည် များနှင့် နှိုင်းယှဉ် ဆောင်ရွက်ပြီး အမြဲမပြတ် ဆက်လက် လေ့လာနေရန် လိုကြောင်း။

စစ်ဆေးဆောင်ရွက်ခဲ့

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများ ပြန်လည် စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း၍ မဲလက်မှတ် များစစ်ဆေးခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များ၌ ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူ များအား အရေးယူနိုင်ရေး ဆောင်ရွက်ခြင်း၊ ယခင်က စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း မရှိသည့် နိုင်ငံရေး ပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေး နှင့်ပစ္စည်းများ၊ စာရင်းများအား စစ်ဆေးခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ် အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများကို ပြန်လည် စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များကို ပြည်သူလူထုနှင့် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ သံတမန်များကို ရှင်းလင်းချပြခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများ နှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများနှင့် မဲနှစ်ကြိမ် ပေးသူများကို အရေးယူနိုင်ရေး ဆောင်ရွက်ရာ၌လည်း ယနေ့အထိ အမှုပေါင်း ၁၇၃၂ မှုကို တရားစွဲဆိုဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များဦးဆောင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ ဌာနဆိုင်ရာ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အထိ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည့်အနက် ၈၅ ပါတီကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း။

လစဉ် Update ဆောင်ရွက်

မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် Pilot Project ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးသည့် မြို့နယ်များ၏ စာရင်းများကို ကနဦး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် ( IVLS Software ) နှင့် ပြန်လည်စိစစ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတို့နှင့် ထပ်မံညှိနှိုင်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို လစဉ် Update ဆောင်ရွက်လျက် ရှိကြောင်း။

ကြိုးစားကြစေလို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်များကို ဆောင်ရွက်နေပြီ ဖြစ်သည့် အတွက် သင်တန်းသားများ အနေဖြင့် တာဝန်ကျရာနေရာ၌ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများကို သိရှိအောင် လေ့လာပြီး အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ လေ့လာစရာ များကိုလည်း အမြဲလေ့လာ သင်ယူနေရန် လိုပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် လိုကြောင်း၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများ၊ ဌာနအတွက် အားကိုးရသူများ ဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း မှာကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်