Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၅

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus တွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့်အတူ ပါဝင် တက်ရောက်သည်။

အဆိုပါ 2nd International Tiger Conservation Forum သို့ နိုင်ငံပေါင်း (၁၄) နိုင်ငံမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပြီး ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ယဉ်ကျေးမှု ကပွဲများဖြင့် စတင်ဖွင့်လှစ်၍ ကျားတံဆိပ်ခေါင်း အထိမ်းအမှတ် ထုတ်ဝေရေးအတွက် ပြည်ထောင်စုဝန်ကြီး (၄)ဦးက ရက်စွဲရိုက်နှိပ် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းကို လှည်လည် ကြည့်ရှုကြသည်။

ထို့နောက် ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် ကျားကျက်စားရာ (၁၄) နိုင်ငံအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရေး ဝန်ကြီး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်ရှိသည့် နိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံအလိုက် ဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျားကျက်စားနယ်မြေ အပါအဝင် ဖြစ်သည့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်း ထားရှိမှုများ၊ မြန်မာနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်း မှတ်တမ်းတင်ထားသော ကျားအရေအတွက်၊ တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်ထူထောင်ခြင်း အစီအစဉ်အောက်မှ ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ကျားကောင်ရေ ထိန်းသိမ်းရေး အတွက် (၂၀၂၀-၂၀၂၅)ခုနှစ် စီမံချက်ရေးဆွဲပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် ထားရှိမှုများ၊ ကမ္ဘာ့ကျား ထိန်းသိမ်းရေး စီမံချက်ပါအတိုင်း မျှော်မှန်း ရလဒ်များနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ကျားထိန်းသိမ်းရေး နည်းလမ်းကောင်းများနှင့် ထိန်းသိမ်းခြင်း ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၏ အရေးပါမှု ခေါင်းစဉ်များဖြင့် ဆက်လက် ဆွေးနွေးခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Alexander Kozlov က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ ဖိုရမ်ကို ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)