နေပြည်တော် စက်တင်ဘာ ၅
အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အားကစား ပြိုင်ပွဲများတွင် လက်ရှိ ကျင့်သုံးလျက်ရှိပြီး အချိန်နှင့် တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် "အလေးမ နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား" ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။
အလေးမ အဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ အိုလံပစ် အားကစားပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အာရှချန်ပီယံပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် အခြားသော အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ မလွတ်တမ်း ရယူပေးနိုင်ခဲ့ပြီး သက်တမ်းကြာရှည်စွာ ဖြတ်သန်း၍ နိုင်ငံ့ဂုဏ်ဆောင် ပေးခဲ့သည့် အားကစား အဖွဲ့ချုပ် တစ်ခုဖြစ်သည်ကို မှတ်တမ်းများအရ သိရှိခဲ့ရပါကြောင်း၊ အလေးမအားကစားနည်း အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၉၁)ခု၊ ငွေတံဆိပ် (၆၂)ခု၊ ကြေးတံ ဆိပ်(၆၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၁၈)ခုအား မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူ ပေးနိုင်ခဲ့ပြီး စဉ်ဆက်မပြတ် အောင်မြင်မှုများ ရရှိခဲ့သည့် အားကစားနည်း (၁)နည်းဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိသင်ကြား လေ့ကျင့်ပေးမည့် အားကစားသမားများကို နည်းစနစ် ပိုင်းများသာမက စည်းမျဉ်း/ စည်းကမ်းများ၊ နည်းဥပဒေများ၊ အားကစားသမား ကောင်းတစ်ဦးတွင် ထားရှိရမည့် စိတ်ဓါတ်၊ စည်းကမ်းလိုက်နာမှု တို့ကိုပါ သင်ကြားပေးသွားရမည် ဖြစ်ပြီး အင်အားဖြစ်စေမည့် အစာအာဟာရများ စားသုံးတတ်စေရန်နှင့် တားမြစ်ဆေးဝါး၏ ဆိုးကျိုးများကို နားလည် သဘောပေါက်ပြီး ရှောင်ကြဉ်နိုင်စေရန်အတွက် အထူးလေ့ကျင့်သင်ကြား ပေးသွားရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသ အသီးသီးတွင် မျိုးဆက်သစ် အလေးမ အားကစားသမားများအား ရှာဖွေ၊ စည်းရုံး၊ စုဆောင်းပြီး လေ့ကျင့် သင်ကြားပေးနိုင်ရေး အတွက် ယခုသင်တန်းတွင် စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိ လေ့လာ သင်ယူမှတ်သား၍ ပြန်လည်အသုံးချပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ် အလေးမ အားကစားသမားများ ထွက်ပေါ်လာစေရန် ပြုစုပျိုးထောင် ပေးနိုင်သည့် နည်းပြဆရာကောင်းများ ဖြစ်အောင် ကြိုးစား အားထုတ်၍ သင်ယူ လေ့လာသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
သင်တန်းကာလအဖြစ် စက်တင်ဘာ(၅) ရက်မှ (၉)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ သင်တန်း နည်းပြဆရာ(၆)ဦးတို့ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၂၆)ဦး တက်ရောက် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် Training Hall No(3) တွင် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှု များကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည့် လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ(C)ရုံ၌ ခန့်တည်ကြည် ကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ မဏိကမ္ဘာ ကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်း ပြုပြင်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ပြီးစီးစေရေးနှင့် သတ်မှတ် စံချိန်၊ စံညွှန်း၊ အရည်အသွေး ကောင်းမွန်ပြီး စေတနာထား၍ လုပ်ကိုင်ဆောင်ရွက် ပေးသွားရန် မှာကြားကာ အခက်အခဲများရှိပါက ပေါင်းစပ် ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)