နေပြည်တော် စက်တင်ဘာ ၄
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် တပ်ကုန်းမြို့နယ်မြို့ရှေ့ စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသိရီ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နေပြည်တော် တပ်ကုန်းမြို့နယ် မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ဆေးများအား နေပြည်တော်တပ်ကုန်းမြို့မြို့ရှေ့ စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသိရီထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်းပဒေသာပင် အလှူငွေကျပ် ၁၂၅၈၆၀၀၀ကို တိုင်းမှူးက လှူဒါန်းရာ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှု အစုစုမှာ ဆွမ်းပဒေသာပင် အလှူငွေကျပ် ၁၂၅၈၆၀၀၀၊ ဆန် ၄၉၁ အိတ် ၁၆ ပြည်၊ ဆီ ၁၄၇ ပိဿာ ၅၀ ကျပ်သား၊ ပဲ ၁၄၇၅ ပိဿာ၊ ဆား ၁၄၇၅ ပိဿာ၊ လက်သန့်ဆေးရည် ၇၉၂ ဘူးနှင့် တိုင်းရင်းဆေးမျိုးစုံ ၁၇၈၈ ဘူးတို့ဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၄၀၂၂၂၅၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်