Skip to main content

သမဝါယမအကျိုးတူလယ်ယာစနစ်ဖြင့် ဝါးခယ်မမြို့နယ်အတွင်း ပဲတီစိမ်း စိုက်ဧက ၂၃၀၀၀ စိုက်ပျိုးသွားမည်

နေပြည်တော် စက်တင်ဘာ ၄

ဝါးခယ်မမြို့နယ်အတွင်း၌ နယ်မြေဒေသ ခြောက်ခုခွဲ၍ ပဲတီစိမ်းစိုက်တောင်သူ ၇၆၆၆ ဦးက စိုက်ဧက ၂၃၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့ ရွှေခယ်သီရိ အားကစားခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် နိုင်ငံတော်က ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေးနှင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်း လျာထား ဆောင်ရွက်နေမှု၊ သီးနှံအလိုက် ရန်ပုံငွေများ ခွင့်ပြုပေးမှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပဲတီစိမ်းစိုက် တောင်သူများအကြား ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမြင့်စိုး က ရှင်းလင်းပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လုပ်ငန်းစဉ်များဖြင့် ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဒေသဖွံ့ဖြိုးရေးအတွက် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသော သင်တန်း အမျိုးမျိုးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ပြောကြားပြီး သမဝါယမ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဝါးခယ်မမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးကြသည်။ ထို့နောက် ပဲတီစိမ်း စိုက်ပျိုးမည့် တောင်သူများက စိုက်ပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ ကျေးရွာ ၂၂ ရွာ၊ အိမ်ခြေ ၂၄၅၃ အိမ်၊ လူဦးရေ ၁၂၉၁၄ ဦးအား အကျိုးပြုသည့် အရှည် (၆/၄)မိုင်ရှိ အင်းမ-အင်းတကော-ခရေကန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်