နေပြည်တော် စက်တင်ဘာ ၄
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂နှစ် အထက်အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၃ရက်နှင့် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၆၆၇၃ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိမြို့နယ် လေးမြို့နယ်၌ ဒေသခံပြည်သူ ၁၇၆၃ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၁၇၁၁၉ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်နှင့် ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၁၀၀၅ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်၌ ကျောင်းသားကျောင်းသူ ၆၃၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်