Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ စွယ်တော်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး စွယ်တော်ဆရာတော်အား ဖူးမြော်၍ ဝါဆိုသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီများနှင့် အဆိုပါကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာ စာအုပ်၊ ကျောင်းဝတ်စုံများအား လှူဒါန်းထောက်ပံ့ခဲ့ပြီး ကျောင်းတိုက်အတွင်း  လှည့်လည်ကြည့်ရှုကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များအား စီမံ‌ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ ရောက်ရှိပြီး‌ မဲနယ်တောင်တန်းဒေသရှိ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း အပါအဝင် အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တွေ့ဆုံ ဆွေးနွေးသည်။ ထို့နောက် မဲနယ်တောင်တန်းဒေသသို့ အသေးစိတ် ကွင်းဆင်းကြည့်ရှုခဲ့ပြီး  ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများအား ဦးစားပေးအလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ညှိနှိုင်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက္ကချားကျေးရွာမှ ရှုခင်းသာနှင့် နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ရှေးဟောင်း  နမ်းဟုတ်ဘုန်းတော်ကြီးကျောင်းတို့အား ကြည့်ရှုလေ့လာပြီး ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် ကျောင်းချယ်လမ်းခွဲမှ လပ်တိုင်-ပင်အွန်လမ်း ၅ မိုင်အနက် ၁ မိုင် ၂ ဖာလုံ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဆိုက်ခေါင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုနှင့် ချုပ်လုပ်ထားရှိသည့် အသုံးအဆောင်ပစ္စည်းများ၊ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုလိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းများမှ ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်နှင့် နှစ်ရှည်သီးနှံပင်နှင့် ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး စားရိပ်သာ၌ နေ့လည်စာကို ကျောင်းသား/ ကျောင်းသူများနှင့် အတူတကွ သုံးဆောင်သည်။

နေ့လည်ပိုင်းတွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား ၅ မိုင် အနက် ၂ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာ နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ တာဝန်ရှိသူများက  မောက်မယ်အနောက်ခြမ်း နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေး လမ်းများ ဆောင်ရွက်ပေးနိုင်ရေး  ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသအတွက် အဓိက အကျိုးဖြစ်ထွန်းမည့် လမ်းပိုင်းများကို မြေပြင်ကွင်းဆင်း စိစစ်မှုများပြုလုပ်၍ ဦးစားပေး ဆောင်ရွက်ပေးသင့်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခိုင်မာအောင် တည်ဆောက်သွားနိုင်ရေး ရှင်းလင်း ဆွေးနွေးသည်။

ညနေပိုင်းတွင် မောက်မယ်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၍ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လင်းခေးမြို့၊ ဝမ်ဟတ်ကျေးရွာ အုပ်စု၊ နမ့်တွန်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ၆၀x၃၀ပေ RC ၁ ထပ် ဘုန်းတော်ကြီး ကျောင်းဆောင်သစ် တည်ဆောက်နေမှုကို လည်းကောင်း၊ ပုန်းထွန်ကျေးရွာနှင့် ဟိုတင့်ရွာသစ် ကျေးရွာများတွင် ဆိုလာစွမ်းအင်နှင့် ဒေသခံများ၏ ရေအားသုံး ရေတင်ဘီးစနစ်များအသုံးပြု၍ စိုက်ပျိုးရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာများကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

ထို့နောက် လင်းခေးမြို့နှင့် ဟိုတင့်ရွာသစ် ကျေးရွာတို့ကို ဆက်သွယ်မည့် နမ့်တိန်းချောင်းကူး ပေ ၂၅၀ ဘေလီတံတား ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက လင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)