Skip to main content

လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်ရန်လိုအပ်

နေပြည်တော် စက်တင်ဘာ ၃

လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး အလုပ်သမား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့ကို ဝန်ကြီးဌာနမှ အလေးထား ဆောင်ရွက်ပေးလျက် ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ဒေသ တွင်းအခြေအနေများကြောင့် ပိတ်သိမ်းခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံများရှိသကဲ့သို့ အသစ်ပြန်လည် ဖွင့်လှစ်သည့် စက်ရုံ၊ အလုပ်ရုံများရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနေကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ပိတ်သိမ်း ရပါက ကာယကံရှင်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေနိုင်သဖြင့် ကုန်အမှာစာ ပုံမှန်ရရှိပြီး စက်ရုံများလည်ပတ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမှသာ ကုန်ထုတ်လုပ်မှုကို စံချိန်မီ၊ အရည်အသွေးမီ ထုတ်လုပ်တင်ပို့နိုင်ပြီး အမှာစာများရရှိကာ အလုပ်ခွင်မပျက် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အသင်းအဖွဲ့များမှ တက်ရောက်လာသူများက လတ်တလော တွေ့ကြုံရသည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေး လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ပေးရန် မှာကြားကြောင်း သိရသည်။

သတင်းစဉ်