နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်းသို့ ငွေပဒေသာပင် ငွေကျပ်သိန်း ၉၀၊ ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံနှင့် နှာခေါင်းစည်းများ လှူဒါန်းပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သရေစည်သူ ဦးမြင့်လှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) နှင့် အလှူရှင်များက ကျောင်းအတွက် ငွေပဒေသာပင် စုစုပေါင်း ငွေကျပ်သိန်း ၉၀ နှင့် ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ နှာခေါင်းစည်းများကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ငွေပဒေသာပင် စိုက်ထူလှူဒါန်းရခြင်းနှင့်ပတ်သက်၍ KMK Co.,Ltdမှ ဦးခင်မောင်အေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ယမင်းမြင့်ဆွေတို့က ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) သရေစည်သူဦးမြင့်လှိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ များ၊ ကျောင်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ ဆရာမများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ၁၃ ရာခိုင်နှုန်းရှိပြီး ယခု နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၀ ဒသမ ၄၀ ရာခိုင်နှုန်းရှိရာ ယခုနှစ် အောင်ချက်ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စနစ်သစ်ပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အရည်အသွေးရှိသည့် ဆရာ ဆရာမများကသာ ထူးချွန်သော ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရုံသာမက အရည်အသွေး ပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခု စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ရရှိနေသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာစေရေးနှင့် အဆင့်မြင့်ပညာရပ်များကို ဆတက်ထမ်းပိုး ကြိုးစား သင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာငါးဦး၊ နှစ်ဘာသာတစ်ဦး၊ တစ်ဘာသာ ၁၅ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၁ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်