Skip to main content

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်းသီးနှံပဲတီစိမ်း အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်အကူအညီအထောက်ပံ့များ ပေးအပ်လျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က သွားရောက်ခဲ့သည့်ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် တိုက်တွန်းပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် သခွပ်ချောင်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်တွင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့သို့ရောက်ရှိပြီး ဆည်မြောင်းဧည့်ရိပ်သာ၌ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများ၊ သမဝါယမအသင်းများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဦးစီးဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဟင်္သာတ မြို့နယ်အတွင်းမှ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ကနွေစပါးစိုက်ပျိုးရေးနှင့် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးမှု အခြေအနေကို ရှင်းလင်းပြောကြား ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ရောက်ရှိပြီး ဒက္ခိဏာရုံပရဟိတကျောင်း ဆရာတော်အားဖူးမြော်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပဲတီစိမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ လေးမျက်နှာ မြို့နယ်အတွင်း ပဲတီစိမ်း စိုက်ဧက ၂၃၀၀ ကျော် အောင်မြင်စွာစိုက်ပျိုးရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ် စိမ်းလဲ့ရေကြည်ခန်းမတွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပြီး အကျိုးတူလယ်ယာစနစ် (Contract Farming) ဖြင့် ဆောင်ရွက်မည့်အစီအစဉ်၊ သွင်းအားစုနှင့် ပိုးသတ်ဆေးဖြန့်ဖြူး ပေးမည့် အစီအစဉ်၊ သီးနှံပေါ်ချိန်၌ ပြန်လည်ဝယ်ယူရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်