နေပြည်တော် စက်တင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မကြာမီရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူးဒတ္ထဇာတ်တော်” အထူးတင်ဆက်မှုအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်သည်။
အဆိုပါ အထူးအစီအစဉ် တင်ဆက်မှုကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးကိုကို၊ ဦးသောင်းဟန်၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ စာရင်း စစ်ချုပ်ရုံးမှဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ကြည့်ရှုအားပေးကြသည်။
ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များသည် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ နံနက် ၁၀ နာရီတွင်ရောက်ရှိကြရာ သတင်းနှင့်အစီအစဉ်တင်ဆက်သူများ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းနှင့် မြန်မာ့အသံရေဒီယို ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုလေ့လာ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အဦအတွင်းရှိ Convergence News Room၊ Presentation Room၊ News Studio တို့၌ သတင်းထုတ်လွှင့်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ထုတ်လွှင့်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် စိန်ရတုပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်အတွင်းရှိ Mini Theatre ၌ စိန်ရတုပြတိုက် သမိုင်းကြောင်း Video Clip ကို ဖွင့်လှစ်ပြသသည်။
ဆက်လက်၍ စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်မြင် သံကြား ထုတ်လွှင့်ရေးတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ ထုတ်လွှင့်ရေးယာဉ်များ၊ သတင်းနှင့် ပြန်ကြားရေးပြခန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုမှတ်တမ်းဓာတ်ပုံများ၊ ထင်ရှား ကျော်ကြား MRTV မှ ကြယ်ပွင့်များ ဓာတ်ပုံမှတ်တမ်းများ၊ အဆောက်အဦပုံစံငယ်များ၊ တာဝါတိုင်ပုံစံငယ်များ၊ ရှေးဟောင်းဓာတ်ပြားများ၊ တူရိယာပစ္စည်းများ၊ Radio Master Control Room နှင့် Virtual Room များကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် Auditorium ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက တေးသီချင်းများ ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်ပြီး ဧည့်သည်အဆိုတော် သရုပ်ဆောင်အကယ်ဒမီ ရဲအောင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့်တွဲဖက်၍ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်သည်။
ယင်းနောက် ဇာတ်သဘင်အနုပညာရှင်များဖြစ်ကြသော ဈာန်ဟိန်း (စိန်မဟာသဘင်) နှင့် ရွှေမင်းသမီးလေး နန်းခင်မွှေးတို့က တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး တင်မောင်ဆန်းမင်းဝင်း၊ စျာန်ဟိန်း၊ ဘွန်း၊ ဆန်းတင့်အောင် နှင့် မင်းသမီးများက မြိုင်ထနှစ်ပါး သွားအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် သဘင်အနုပညာရှင် ပတ္တမြားကေခိုင်က တံခါးမှူး ဒတ္ထဇာတ်တော် ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြပြီး ဇာတ်တော်တွင် ပါဝင်သည့် သဘင်အနုပညာရှင်များနှင့် မိတ်ဆက်ပေးသည်။
ကြည့်ရှုအားပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာ ဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူး ဒတ္ထ ဇာတ်တော်” ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဇာတ်တော်ကြီးမှာ တိုင်းပြည်တစ်ပြည်မှ ဝန်ထမ်းတစ်ဦး၏ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့သည့် ပညာပေးဇာတ်တော်ဖြစ်သည်။ တိုင်းပြည်/ နိုင်ငံတစ်နိုင်ငံရှိ ဝန်ထမ်းတိုင်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာရှိပြီး ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဝန်ထမ်းကောင်းမှ တိုင်းပြည်/ နိုင်ငံကောင်းမည်ဆိုသည့် အသိပညာဗဟုသုတများ ပါဝင်သကဲ့သို့ လာဘ်ပေး လာဘ်ယူခြင်းဖြင့် မိမိဘဝထိခိုက်နိုင်ပုံ၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းဖြင့် မိမိဘဝ တိုးတက်မြင့်မား ပုံတို့ကို သရုပ်ဖော်တင်ဆက်ထားသည်။
“တံခါးမှူးဒတ္ထ” ဇာတ်တော်ကြီးတွင် တံခါးမှူး ဒတ္ထအဖြစ် တင်မောင်ဆန်းမင်းဝင်း၊ တံငါ သည်အဖြစ် ဘွန်း၊ ဗြဟ္မဒတ် မင်းကြီးအဖြစ် ဆန်းတင့်အောင်၊ မိဖုရားအဖြစ် ချမ်းချမ်းမိုး၊ တံခါး မှူး၏ ဇနီးအဖြစ် ငြိမ်းချမ်းခိုင်နှင့် ဇာတ်ပို့ဇာတ်ရံများ ပါဝင်ထားကြသည်။
တံခါးမှူး ဒတ္ထဇာတ်တော် ကြီးအား ဇာတ်ညွှန်း မုံရွာ ဦးလေးခန့်၊ စီစဉ်သူ ပတ္တမြားကေခိုင်တို့က ရိုးရာသဘင်မှု၏ အစဉ်အလာ၊ အထောက်အထား မှန်ကန်မှုရှိစေရန်နှင့် ဇာတ်တော်ကြီး၏ သမားစဉ်များနှင့် ကိုက်ညီမှုရှိစေရန် စီစဉ်တင်ဆက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက “တံခါးမှူး ဒတ္ထ” ဇာတ်တော်ကြီးတွင် ပါဝင်ခဲ့ကြသည့် သဘင်အနုပညာရှင်များနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် MRTV မှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး တက်ရောက်လာ သည့် ဧည့်သည်တော်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆန်းသစ်တီထွင် တင်ဆက်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်ချက်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာတွင် ရိုးရာယဉ်ကျေးမှု အနုပညာရပ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် အပတ်စဉ် စနေနေ့တိုင်း (၃၈)ဖြာမင်္ဂလာ အစီအစဉ်ကို သဘင်ပညာရှင် ဦးနန်းဝင်းနှင့် ပူးပေါင်းကာ ဆန်းသစ်တီထွင်ပြီး တင်ဆက် လျက်ရှိသည်။ အဆိုပါ အစီအစဉ်သည် လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန် ရည်ရွယ်သည့်အပြင် ဇာတ်သဘင် လောကသားများကိုလည်း အနုပညာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အားပေးကူညီခြင်းဖြစ်သည်။
အလားတူ ဘုရားဟောနိပါတ်တော်လာဇာတ်လမ်းများအနက်မှ ခေတ်စနစ်နှင့်ကိုက်ညီပြီး လူ့လောက၏ စံထားစရာများဖြစ်သည့် သစ္စာတရားအလေးထားအပ်ပုံ၊ ကိုယ်ကျင့်တရားကောင်းမွန်ရန် အရေးကြီးပုံ၊ ပညာစွမ်းအားကြီးမားပုံတို့ကိုဖော်ပြသည့် ဇာတ်တော်များကို သဘင်ပညာရှင် ပတ္တမြားကေခိုင်နှင့် ပူးပေါင်းကာ အပိုင်း(၂၀) ရိုက်ကူးပြီး တင်ဆက်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်