ရန်ကုန် စက်တင်ဘာ ၂
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ရန်ကုန် တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများမှ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက Yangon PanPacific International Co.,Ltd.၊ Arao နှင့် Fu Yean Garnment Co.,Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုအားကောင်းလာစေရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံကာ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေး ပြန်လည် အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ရှိမှသာ ကုန်သွယ်မှုများဆောင်ရွက်နိုင်မည်၊ ကုန်ထုတ်လုပ်မှုမှ လုပ်အားခများ ရရှိမည်ဖြစ်ပြီး ငွေကြေး လည်ပတ်မှုများ ရှိလာမည်”ဟု လမ်းညွှန်မှာကြား ခဲ့ကြောင်း။
CMP လုပ်ငန်းများသည် အလုပ်အကိုင်အခွင့် အလမ်းအများဆုံးဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထု နှင့် နိုင်ငံတော်အတွက် ရေတို၊ ရေရှည် အကျိုးဖြစ် ထွန်းစေသည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် CMP စက်ရုံများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
ကုန်ချောများ စံချိန်မီထုတ်လုပ်၍ အချိန်မီတင်ပို့ပေးနိုင်ရေးတွင် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ပေး လျက်ရှိကြောင်း၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်များတွင် Assessment Center များ တည်ထောင်ထားရှိပြီး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာဆက်ဆံမှု ထူထောင်ရေး၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒဂုံဆိပ် ကမ်းစက်မှုဇုန် ကနောင်ခန်းမ၌ ဖွင့်လှစ်သည့် Assessor Methology Training သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်