နေပြည်တော် စက်တင်ဘာ ၂
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက် စနစ် (SMIS)ကို တည်ဆောက်နေ ပြီဖြစ်ကြောင်း၊ ယင်းစနစ်ပြီးစီးပါက Manual စနစ်မှ Digital platform တစ်ခုကို အသုံးပြုပြီး အကျိုးခံစားခွင့် ရှိသူများအနေဖြင့် Digital Payment နည်းလမ်းကို အသုံးပြုနိုင်ရေး အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာ စကားပြောကြားရာ၌ ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ဆင်းရဲမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် အဓိကကျသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်များအတွက် အသုံးစရိတ်ကို ဝန်ကြီးဌာနအလိုက် သတ်မှတ်ပေးထားသည့် အသုံးစရိတ်မူဘောင် (Budget Ceiling)အတွင်းမှ ထပ်မံလိုအပ်သည်များ စိစစ်တွက်ချက်၍ သင့်လျော်အောင် မြှင့်တင်ပေးရန် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်နှင့်ပတ်သက်၍ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးလူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို တင်ပြဆွေးနွေးကြပြီး လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်