Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 ပြိုင်ပွဲ စတင်ယှဉ်ပြိုင်

ရန်ကုန် စက်တင်ဘာ ၂

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စီစဉ်ကျင်းပသည့် တူယှဉ်နွှဲပျော်ဂီတ ပွဲတော် Season-2 သီချင်းဆို ပြိုင်ပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD ရုပ်သံလိုင်းတွင် ယနေ့ညမှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ အပတ်စဉ် သောကြာနေ့ ည ၉ နာရီအချိန်တိုင်းတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တူယှဉ်နွှဲပျော်ဂီတ ပွဲတော် Season-2 တေးသီချင်း ဆိုပြိုင်ပွဲ အုပ်စု(က)၊ ပွဲစဉ် (၁) သီဆိုယှဉ်ပြိုင်မှုကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(အေ)၌ ယနေ့ညနေ ၄ နာရီတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ယနေ့ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် ကိုးဦးက Season-2၊ Level-1၊ အုပ်စု(က)၊ ပွဲစဉ်(၁)တွင် ပြဋ္ဌာန်းသီချင်းယှဉ်ပြိုင်မှုကို တစ်ဦးချင်း သီဆို ယှဉ်ပြိုင်ခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင် ပွဲစဉ်(၂)အဖြစ် အဆိုပါပြိုင်ပွဲဝင် ကိုးဦးက စိတ်ကြိုက်သီချင်းများကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု(က)မှ အုပ်စု(င)အထိ ပွဲစဉ်(၁၀)ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဆိုဝါသနာရှင် တိုင်းရင်းသား လူငယ်များက ပြဋ္ဌာန်းသီချင်းနှင့် စိတ်ကြိုက် သီချင်းများကို အပတ်စဉ်အလှည့် ကျ ဆက်လက်သီဆို ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အုပ်စုတစ်ခုတွင် နှစ်ဦးစီဖြင့် စုစုပေါင်း ၁၀ ဦးကို Level-2 အတွက် ရွေးချယ်သွား မည်ဖြစ်သည်။

Level-2 ပြိုင်ပွဲတွင် စုစုပေါင်း ပွဲစဉ်ခုနစ်ပွဲ ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်၍ ဒိုင်ပေးအမှတ်နှင့် ပရိသတ်၏ SMS Voting ရမှတ် တို့ဖြင့် ပွဲစဉ်တစ်ပွဲလျှင် ရမှတ် အနည်းဆုံး တစ်ဦးကို ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာစေမည်ဖြစ်ပြီး Level-3 (Grand Final) ပွဲအား ဒီဇင်ဘာ ၃၀ ရက်တွင် နောက်ဆုံး ကျန်ရှိသည့် ပြိုင်ပွဲဝင် သုံးဦးက ဆက်လက်သီဆို ယှဉ်ပြိုင်မည် ဖြစ်သည်။

ယနေ့ကျင်းပသည့် တူယှဉ်နွှဲပျော် ဂီတပွဲတော်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဥပ‌ဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ ယဉ်ကျေးမှု တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ ပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး