Skip to main content

လိုအပ်နေချိန်တွင် လှူဒါန်းနိုင်ခဲ့သည့် ဝမ်းမြောက်သာဓုခေါ်ဖွယ်အလှူ

မကြုံစဖူး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံသူ နိုင်ငံသားပြည်သူ ၂၂ သန်းခန့်အတွက် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးစသည်တို့ နိုင်ငံခြားမှ တင်သွင်းရန် အခက် အခဲဖြစ်ပေါ်နေသည့် သီရိလင်္ကာနိုင်ငံအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းခြင်းဖြင့် စာနာမှုကို ပြသလိုက်သည်။ ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်တွင် သီရိလင်္ကာနိုင်ငံ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ပြည်သူတစ်သန်းခွဲအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်က ပြောကြားကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့မှု နှစ်ရှည်ကြာလာခြင်းနှင့် အမေရိကန်၊ ဥရောပတို့ ပါဝင်ပတ်သက်နေသည့် ရုရှား - ယူကရိန်းစစ်ပွဲတို့က ကမ္ဘာ့နိုင်ငံများစွာတို့ကို ဂယက်ရိုက်ခတ်မှုကြီးမားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ လောင်စာဆီဈေးနှုန်းများ အဆ မတန်တက်လာမှု၊ အစားအစာဈေးနှုန်းများ မြင့်တက်လာမှုအပြင် အချို့စားသောက်ကုန် ပြတ်လပ်မှုတို့ ဖြစ်ပေါ်လျက်ရှိရာ အမေရိကန်ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း နိုင်ငံလည်း မလွတ်ကြောင်း ကမ္ဘာ့သတင်းများ၌ တွေ့ရသည်။ ယင်းသို့သော အခြေအနေတွင် နှစ်ပေါင်း ၂၀ အတွင်း အာရှပစိဖိတ်ဒေသမှ နိုင်ငံခြားကြွေးမြီမဆပ်နိုင်သော ပထမဆုံးနိုင်ငံဘဝသို့ ကျရောက်သွားခဲ့ရသည့် သီရိလင်္ကာနိုင်ငံမှာလည်း နိုင်ငံခြားငွေပြတ်လပ်မှု နှင့်အတူ နိုင်ငံခြားမှ တင်သွင်းနေရသည့် အစားအစာ၊ ဆေးဝါးနှင့် စက်သုံးဆီပြတ်လပ်မှုတို့နှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယတိုက်ငယ်၏ တောင်ဘက် စွန်းတွင်ရှိသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ရေ၊ မြေသဘာဝ အခြေအနေအရ ဆန်စပါးစိုက်ပျိုးနိုင်သည့် မြေပြန့်လွင်ပြင်တို့ နည်းပါး၍ ကျောက်မြေတို့ များပြားသည်။ ဒေသအချို့တွင် မိုးရေကလည်း စပါးစိုက်ပျိုးနိုင်အောင်မရ၊၊ သို့ဖြစ်ရာ နိုင်ငံ၏ အဓိကထုတ်ကုန်မှာ လက်ဖက်၊ ရော်ဘာ၊ အုန်းသီး၊ အုန်းဆံ တို့ဖြစ်ပြီး ကိုကိုး၊ ကော်ဖီစသည်တို့ကိုလည်း ထုတ်လုပ်နိုင်သည့်တိုင် ဆန်စပါးထုတ်လုပ်မှု မလုံလောက်သည့်အတွက် မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှတင်သွင်းရသည်။ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည့်အခါ ပြည်ပမှတင်သွင်းရသည့် အစားအစာကိုလည်း မတင်သွင်းနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းလိုက်သည့် ဆန်တန်ချိန် ၁၀၀၀ သည် မကြာမီ ရက် အနည်းငယ်အတွင်း သီရိလင်္ကာနိုင်ငံသို့ရောက်ရှိကာ အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိသွားပေလိမ့်မည်။ ဆန်များ လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားတွင် သီရိလင်္ကာ သံအမတ် ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တာဝန် ရှိသူများကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ လတ်တလော အခြေအနေတွင် ယခုကဲ့သို့ လှူဒါန်းခြင်းသည် များစွာအထောက် အကူဖြစ်ပါကြောင်း ပြောကြားခဲ့ရာ အမှန်တကယ်လိုအပ်နေချိန်တွင် လှူဒါန်းနိုင်ခဲ့ခြင်းက ဝမ်းမြောက်ဖွယ်ရာ လူရော နတ်ပါ သာဓုခေါ်ဖွယ်ရာပင် ဖြစ်ပါကြောင်း။ ။