Skip to main content

ငြိမ်းချမ်းရေးဆွေးနွေးရန် လာရောက်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိ၊ ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့်  သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက “ထာဝရ ငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ ”စသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့သို့ ရောက်ရှိရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများက “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါ သည်” စသည့်စာသားပါဆိုင်းပုဒ်များကိုင်ဆောင်၍ တာချီလိတ်လေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။