Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)အား ဝင်ရောက်လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို ဒုစရိုက်မှုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)အား ဝင်ရောက်လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို ဒုစရိုက်မှုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပြည်လမ်းရှိ ဧရာဝတီဘဏ်ခွဲ(၂၆)၌ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘဏ်အတွင်းသို့ အသက်(၃၀)နှစ်ခန့်ရှိ MASK တပ်ဆင်ထားသည့် အမျိုးသားတစ်ဦး(စိစစ်ဆဲ) ဝင်ရောက်လာပြီး အသင့်ယူဆောင်လာသော ဓါးဖြင့် ဘဏ်ဝန်ထမ်းဖြစ်သူ မဆွေဆွေဝင်းအား ဓားထောက် ခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေများအား ၎င်းယူဆောင်လာသည့် ကျောပိုးအိတ်အတွင်း ထည့်ခိုင်းခဲ့ကြောင်း။

ထိုသို့ခြိမ်းခြောက်လုယက်နေစဉ် ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်သူသည် ကျောပိုးအိတ်အားထား၍ ဘဏ်အတွင်းမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုယက်မှုကျူးလွန်ခဲ့သူအား ဖမ်းဆီးရမိနိုင်ရေး ၎င်းထွက်ပြေး လွတ်မြောက်နိုင်သည့် လမ်းကြောင်းများအား အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဘဏ်အတွင်း ဝင်ရောက်၍ လုယက်မှုကျူးလွန်ခဲ့သူ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင် (၈)လမ်း၊ တိုက်(၅၉၅)နေ စိုးသီဟ(၂၉)နှစ် (ဘ)ဦးခင်​ဇော်ဦးအား အဆိုပါရပ်ကွက်၊ မြကန်သာ(၂) လမ်း၊ အမှတ်(၆၇၈)အနီးတွင် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်၌ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပိတ်ဆို့ဖမ်းဆီးရမိခဲ့သည့် လုယက်မှုကျူးလွန်ခဲ့သူ တရားခံစိုးသီဟအား သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။