Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ပထမအကြိမ်အစည်းအဝေးဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan(2021-2030) နှင့် အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခင် NRSC ၏ လုပ်ဆောင်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများ ဖော်ဆောင်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုသည်မှာ ယာဉ်မတော်တဆ ဖြစ်မှုများနှင့် အဆိုပါမတော်တဆမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ‌လျော့နည်းကျဆင်းသွားရန်၊ ထိုမှတစ်ဆင့် လုံးဝပပျောက်သွားအောင် စီမံအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါကိစ္စရပ်သည် ကျယ်ပြန့်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းစီက စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ တိုးတက်အောင်မြင်မှုရရှိနိုင်မည့် လုပ်ငန်းသဘာဝမျိုးဖြစ်ကြောင်း။

ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဦးတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် Global Status Report on Road Safety(2018) အရ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှ လူ(၁ဒသမ၃) သန်းခန့် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေ သန်း(၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေ(၁)သိန်းတွင် ယာဉ်မတော်တဆ မှုကြောင့် သေဆုံးမှုနှုန်း (၁၈ဒသမ၂)ရာခိုင်နှုန်းဖြစ်ပြီး အာဖရိကနှင့် အရှေ့တောင်အာရှဒေသ များတွင် သေဆုံးမှုနှုန်းအများဆုံး ဖြစ်ကြောင်း၊ လူတွေ သေဆုံးရသည့် အကြောင်းရင်းများတွင် Road Accident ကြောင့် သေဆုံးရခြင်းသည့် အဆင့်(၈)နေရာတွင်ရှိပြီး အသက်(၅)နှစ်ကနေ (၂၉)နှစ်အတွင်းရှိ လူ့အဖွဲ့အစည်း၏ အဖိုးတန် ကလေးသူငယ်၊ လူငယ်လူရွယ်များသေဆုံးခြင်းတွင် အဆင့်(၁) အကြောင်းရင်းဖြစ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း။

ထို့ပြင် Road Accident ကြောင့် နိုင်ငံအများစုတွင် နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနေရပြီး ထိုထိခိုက်ဆုံးရှုံးနစ်နာမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင်နေကြရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံး ပြုမှုပိုမိုတိုးတက်များပြားလာပြီး ယာဉ်အရေအတွက်လျှင်မြန်စွာ တိုးပွားလာမှုအပေါ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီဆောင်ရွက်ကြရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ထိခိုက်ဆုံးရှုံးမှုများ များပြားနေရခြင်း ဖြစ်ကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည် အလွန်ကြီးမားသည့်ခြိမ်း ခြောက်မှုအဖြစ် တဖြည်းဖြည်းကြီးထွားလာနေခြင်းကို ဟန့်တားထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စရပ်ကို အထူးအလေးနက်ထား ဆောင်ရွက်လာကြသည်မှာ ဒုတိယဆယ်စုနှစ်အတွင်း ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပခဲ့သည့် Global Ministerial Road Safety Conference မှတစ်ဆင့် Moscow Declaration ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါ Moscow Declaration ကိုအခြေခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ် လှုပ်ရှားမှု (၂၀၁၁-၂၀၂၀) Decade of Action for Road Safety(2011-2020)ကို ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ အာဆီယံနိုင်ငံများ၌ လည်း ASEAN Regional Road Safety Strategic Plan ကိုရေးဆွဲချမှတ်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း National Road Safety Action Plan(2014-2020)ကို ရေးဆွဲချမှတ်ပြီး Road Safety ဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသည့် အတွက် Decade of Action for Road Safety လှုပ်ရှားမှုများ အလေးထား ဆောင်ရွက် နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goals (SDG)၏ Article 3.6 တွင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချရေး ရည်မှန်းထည့်သွင်းရေးဆွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ၊ တာဝန်ကျေသည့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံပီသစွာ အကောင်းဆုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင် အထည်ဖော်ရာတွင် “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)”၊ “ပိုမိုအန္တရာယ် ကင်းသော လမ်းများနှင့်ယာဉ်သွားလာမှု (Safer Road and Mobility)”၊ “ပိုမို အန္တရာယ်ကင်းသောယာဉ်များ (Safety Vehicles)”“ပိုမိုအန္တရာယ် ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)” နှင့် “ယာဉ်တိုက်ခိုက်မှု ဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု(Post-Crash Response)” ဆိုသည့် မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော် ဆောင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ ယခင် NRSC များအနေဖြင့် အဆိုပါမဏ္ဍိုင်ကြီး (၅)ရပ်ကို အခြေ ပြု၍ Road Safety လုပ်ငန်းစဉ်များကို အလေးထားကြိုးပမ်း အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြပြီး ထိုက်သင့်သည့် တိုးတက်အောင်မြင်မှုများလည်း ရရှိခဲ့ကြပြီးဖြစ်ကြောင်း။

ယခုယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု၏ ဒုတိယဆယ်စုနှစ်ကာလအတွက် ရေးဆွဲအတည်ပြု ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့် Myanmar National Road Safety Action Plan (2021-2030) ပါ ရည်မှန်းချက်များ၊ လုပ်ငန်းအစီအမံများနှင့်အညီ မိမိတို့ NRSC အနေဖြင့်ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

Road Safety ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင် ရွက်ကြရမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေး ကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံတပ်ဆင်စေခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ယာဉ်များမောင်းနှင်အသုံးပြုမည့် လမ်းများ၏ ဒီဇိုင်းမှန်ကန်ရေး၊ လမ်းများကို စံချိန်စံညွှန်း ကိုက်ညီအောင် တည်ဆောက်ရေးနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း မပျက်မကွက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသသည့် 5 Es System ဟုခေါ်ဆိုသည့် Education (ပညာပေးခြင်း)၊ Engineering (အင်ဂျင်နီယာပိုင်းဆိုင် ရာကောင်းမွန်ခြင်း)၊ Enforcement (ဥပဒေအရ အရေးယူခြင်း)၊ Emergency Medical Care (အရေးပေါ်ဆေးကုသမှုပေးခြင်း)နှင့် Evaluation (အကျိုးရလဒ်ကို သုံးသပ်အကဲဖြတ်ခြင်း) တို့ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ 5 Es ကို အခြေခံကာ မိမိ နိုင်ငံအဓိကရင်ဆိုင်နေရသည့် မြေပြင်လက်တွေ့ ပြဿနာများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် ဦးစားပေးကဏ္ဍရွေးချယ် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

အလားတူ Road Safety နှင့်ပတ်သက်၍ Strategy, Structure, Skills, Shared, Systems, Staff, Style ဆိုသည့် 7s Implementation Framework ကို အခြေခံကာ ချဉ်းကပ်လေ့လာသုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအားလုံးကို NRSC အနေဖြင့် Leading Council အဖြစ် တာဝန်ယူပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အားလုံး ဟန်ချက်ညီပူးပေါင်းပါ ဝင်လာနိုင်အောင် စနစ်တကျစုစည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် NRSC ဆပ်ကော်မတီ(၄)ရပ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီများအနေဖြင့် ယခင် Action Plan ပါလုပ်ငန်းစဉ်များ၊ Quick-Win အစီအမံများ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို လေ့လာသုံးသပ်ကြရန်၊ အတွေးသစ်၊ အကြံသစ်၊ ဉာဏ်သစ်များကို အခြေခံ၍ မိမိနိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီဆီလျော်သော လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရန် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် ထိရောက် လျှင်မြန်အောင်မြင်စေနိုင်မည့် နည်းလမ်းကောင်း များရရှိနိုင်ရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း။

ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ ကိုယ်စီလိုက်နာထိန်းသိမ်းဆောင် ရွက်ကြမည်ဆိုလျှင်၊ အသုံးပြုသည့်ကားများ၏ ကြံ့ခိုင်မှုကောင်းမွန်နေမည်ဆိုလျှင် လမ်းများ လည်းလုံခြုံစိတ်ချရမှု ရှိနေမည်ဆိုလျှင်၊ လမ်းအသုံးပြုသူအားလုံး စည်းကမ်းလိုက်နာကြမည်ဆိုလျှင် စသည်ဖြင့် အဘက်ဘက်က ဟန်ချက်ညီလာသည့်တစ်နေ့တွင် ယနေ့ Road Safety ဆိုင်ရာ မျှော်မှန်းချက် ဖြစ်သည့် “Towards Zero Together” ဆိုသည့် Vision သည် အမှန်တ ကယ်ဖြစ်လာရမည် ဖြစ်ကြောင်း။ ထိုသို့ဖြစ်လာရေးအတွက် အဓိကအားဖြင့် မိမိတို့နိုင်ငံ၏ National Road Safety Action Plan(2021-2030) ပါရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များအတိုင်း မဆုတ်မနစ်ကြိုးပမ်း အားထုတ်လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် Road Safety နှင့်ပတ်သက်၍ အဓိကတာဝန်ရှိကြသည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအနေဖြင့် အလေးနက် ထားကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေးအဓိက ရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း တို့ကအမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။ 

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက ၂၀၂၁ ခုနှစ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ နှစ်ချုပ် အစီရင် ခံစာများ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၃) ဆိုင်ရာများ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ဆောင်ရွက်ဆဲနှင့်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌများ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသီတာဦးနှင့်တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။