Skip to main content

ရာသီသီးနှံများ စဉ်ဆက်မပြတ်စိုက်ပျိုးသွားရေး၊ ဆောင်းရာသီ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁

ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန္နဲကျေးရွာ၌ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရက ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများသို့ ရန်ပုံငွေထုတ်ပေးမှုအခြေအနေ၊ ပဲတီစိမ်းစိုက်ပျိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ ကန်ထရိုက်/ ကုမ္ပဏီများ၊ စိုက်ပျိုးရေး သမဝါယမအသင်း ဖွဲ့စည်းစိုက်ပျိုးကြမည့် တောင်သူလယ်သမားများ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ တောင်သူလယ်သမားများ လက်ဝယ်သို့ မျိုး၊ သွင်းအားစုမြေဩဇာနှင့် ပိုးသတ်ဆေးများ အချိန်မီရောက်ရှိရေး၊ စိုက်ဧကများ မှန်ကန်စွာရရှိရေး၊ တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးကြမည့် နေကြာသီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်းဒေသ ကြီးအတွင်း သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲတီစိမ်း စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေး နွေးတင်ပြကြသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကံမြင့်ကျေးရွာသို့ သွားရောက်၍ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ ဆောင်းရာသီ ပဲတီစိမ်းစိုက် ပျိုးရေးလုပ်ငန်း၊ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ကြရန် ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ သန်လျင်၊ ထန်းတပင်နှင့် ကော့မှူးမြို့ နယ်တို့အတွင်း ဆောင်းရာသီ ပဲတီစိမ်းစိုက်ဧက ၄၅၁၀၉ ဧက ရှိပြီး သုံးခွမြို့နယ်သည် စိုက်ဧက ၂၉၇၄၁ ဧကဖြင့် အများဆုံးစိုက်ပျိုးသော ဒေသဖြစ်ကြောင်း သိရသည်။

သတင်းစဉ်