နေပြည်တော် စက်တင်ဘာ ၁
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့်ကင်မရာ အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင် ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်း ပူးတွဲပေးပို့ရမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူ ခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။
ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။
သတင်းစဉ်