ပဲခူး စက်တင်ဘာ ၁
၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၁ ရက် ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ တောင်ငူခရိုင်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံး ဘောလုံးသမားဆုရရှိကြသော အားကစားသမားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆု တစ်သိန်းစီ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် ခုနစ်သိန်းကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွဲစဉ်တစ်လျှောက် ကူညီ ဆောင်ရွက်ပေးကြသည့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ် သုံးသိန်း၊ ကြက်ခြေနီတပ်ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းနှင့် ပထမဆုရရှိသော တောင်ငူခရိုင်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆု ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ကြသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် ကိုယ်စားပြု အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်