Skip to main content

ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း/ မောင်းနှင် စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အားဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိ (စက်/လျှပ်)၊ လက်ထောက်အင်ဂျင်နီယာ၊ လက်ထောက်မန်နေဂျာ(အင်/ယာ)၊ ဒု-ဦးစီးမှူး (စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့်အတူ (၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတိုအတွင်း အရာအားလုံးပြည့်စုံစွာ သိရှိနိုင်မည်မဟုတ်သော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် အဓိကလိုအပ်သည့် လျှပ်စစ်ဆိုင်ရာ ပညာရပ်များ လုပ်ထုံးလုပ်နည်းများ လုပ်ငန်းစဉ်များကို အဓိကထား သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းမှ ထူးချွန်ဆုရရှိသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းမှ ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ညွန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်