Skip to main content

၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပါဝင်ယှဉ်ပြိုင်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၃၁

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွား လုပ်ငန်းစံနှုန်းဆုများ ပါဝင်ယှဉ်ပြိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်  က ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်တွင် အာဆီယံအစိမ်းရောင် ဟိုတယ်ဆုများ စတင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း။

ယနေ့ကာလတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများသည် အစိမ်းရောင်ဟိုတယ် စံနှုန်းအပြင် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်း၊ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းစံနှုန်း၊ သန့်ရှင်းသောခရီးသွားမြို့တော်များစံနှုန်း၊ Home Stay စံနှုန်း၊ အများပြည်သူ သုံးသန့်စင်ခန်းစံနှုန်း၊ Spa ဝန်ဆောင်မှုများစံနှုန်း၊ Meetings, Incentives, Conferences, Exhibitions- MICE Venue စံနှုန်းတွင် အစည်းအဝေးခန်းမ၊ ပြပွဲခန်းမနှင့် event ခန်းမ စသည်ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ စုစုပေါင်းစံနှုန်း ၁၀ ခုအထိ ရေးဆွဲပြီးဖြစ်ကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်ဟိုတယ်ဆု (၆၃) လုံး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆုတွင် ကျေးလက်ခရီးစဉ်ဆုအတွက် (၃) ခု၊ မြို့ပြခရီးစဉ်ဆုအတွက် (၂) ခု၊ လူမှု အဖွဲ့အစည်း အခြေခံခရီးသွားလုပ်ငန်းဆု (၅) ခု၊ သန့်ရှင်းသောခရီးသွားမြို့တော်ဆု (၉) ခု၊ အများပြည်သူသုံးသန့်စင် ခန်းဆု (၃) ခု၊ အစည်းအဝေးခန်းမဆု (၁၂) ခု၊ ပြပွဲခန်းမဆု (၂) ခု၊ စုစုပေါင်း (၉၉) ဆု ရရှိထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျော့ဂျာကာတာမြို့တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ပြီး စံနှုန်းဆုများ ဆက်လက်ပေးအပ်ချီးမြှင့်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  စံနှုန်းများအလိုက် အမှတ်ပေးစည်းမျဉ်းများကို သိရှိစေလိုသဖြင့် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့နှင့် ကိုက်ညီသည့်စံနှုန်းဆုများကို ပါဝင်ယှဉ်ပြိုင်လျှောက်ထားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက အသင်းအဖွဲ့များမှ စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများနှင့် အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေမှု၊ ဘာသာရပ်တာဝန်ခံများက အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများနှင့် မြန်မာနိုင်ငံမှ အဆိုပါ စံနှုန်းဆုများပါဝင်လျှောက်ထားမှုနှင့် ဆုရရှိမှုအခြေအနေများ၊ အာဆီယံရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းစံနှုန်းများ၊ အာဆီယံအများပြည်သူသုံး သန့်စင်ခန်းများဆိုင်ရာ စံနှုန်းများနှင့်ဆုများ ပါဝင်လျှောက်ထားနိုင်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဆုများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)