Skip to main content

ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်ချက်

၁။ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှု များပြားလျက်ရှိပါသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း ကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းအစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါသည်။

၂။ ရောဂါ ကူးစက်ပြန့်ပွားမှုများအား လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် -

(က)    ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသောယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေး ဌာနများ၊ ရုံးများ၊ သင်တန်းများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာ နေရာများတွင် မဖြစ်မနေတပ်ဆင်ရန်၊

(ခ)     ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် လိုအပ်ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းကို မဖြစ်မနေဆောင်ရွက်ရန်၊

(ဂ) ရုံးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင်များအတွက် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်၊

(ဃ)    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့် အထက်ရှိသူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ ၆ လ ရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

၃။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

၃၀-၈-၂၀၂၂