နေပြည်တော် ဩဂုတ် ၃၀
မြဝတီမြို့၊ ဘားအံမြို့၊ ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မေတ္တာလမ်းတွင် မအေးအေးဖြူ (ခ)မဖြူအား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်အနီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူမျာ းဖြစ်ကြသည့် မျိုးထက်(ခ) ဂတုံး (ခ) အညာသားနှင့် စောမြင့်ထွန်း (ခ)ဖူးဖူးတို့အား Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီးတို့နှင့် အတူလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ဘားအံ-ထုံးအိုင် သွားကားလမ်းတွင် ခင်မောင်ထွေး မောင်းနှင်ပြီး မမြမြလိုက်ပါလာသည့် Super Custom အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅၇၁ ပြားကို လည်းကောင်း။
ထို့အတူ ယင်းနေ့ ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၁) လားရှိုး-မန္တလေး သွားကားလမ်းတွင် မအိအိဖြိုးမောင်းနှင်ပြီး မနှင်းနှင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်ကျေးရွာအနီး ရပ်စောက်-နောင်ချို သွားကားလမ်းတွင် အောင်ချစ်(ခ)ကိုချစ် မောင်းနှင်လာသည့်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် အောင်ချစ်(ခ)ကိုချစ် ၄၈ နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်