နေပြည်တော် သြဂုတ် ၃၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကိုဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၈/၄)နှင့် (၁၈/၅)အကြား၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းပါကေးအကြမ်းတုံးများ ၀ ဒသမ ၅၂၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၆၅၂)နှင့် အဆိုပါ သစ်များတင်ဆောင်လာသော Toyota Probox အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၄၄၆၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ဩဂုတ် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ဝင်ရောက် အစစ်ဆေးခံသော မော်တော်ယာဉ် တစ်စီးအား အသေးစိတ် တိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံး သို့ခေါ်ဆောင်၍ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာ ဖော်ပြထားခြင်းမရှိဘဲ ကွဲလွဲ၍ တင်ဆောင်လာသော Two Wheel Tractor အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၂၉၁၂၃) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Hino Profia Sh1edx အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၂၉၁၂၃ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်း မရှိသော Generator Machine တစ်လုံးနှင့် စက္ကူပြုလုပ်ရာတွင် အသုံးပြုသည့် Strengthening Agent ၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာ အုပ်စု၌ တရားမဝင်ကျွန်းခွဲသားနှင့် ကျွန်းဘုရားစင်အကြမ်း ၀ ဒသမ ၁၆၉၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၅၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၉ ရက် တွင် မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသောကြွေပြားချပ်များနှင့် SLIM BAG အိတ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀) ကိုလည်းကောင်း၊ ဩဂုတ် ၃၀ ရက်တွင် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထား ခြင်းမရှိသော MEN Slipper များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၆၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ်၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၁၀၄၅၃၁၅ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်