Skip to main content

ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်မှုမရှိစေရေး အထူးကြပ်မတ်

နေပြည်တော် ဩဂုတ် ၃၀

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၇) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြည်ပပို့ကုန်သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုသော သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများသုံးစွဲရာတွင် အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်မှုမရှိစေရေးကို ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် အထူးကြပ်မတ်လျက်ရှိကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေး၊ ကုန်သွယ်မှုအခွင့်အလမ်းများ ထိခိုက်မှုမရှိစေရေးတို့အတွက် ပိုးသတ်ဆေးအမျိုးအစားတစ်မျိုးချင်းစီအပေါ်တွင် ရှုထောင့်မျိုးစုံမှ ပြန်လည်သုံးသပ်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းများကင်းစင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ရဲတင့်ထွန်းက (၃၇)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးတွင် စိစစ်ဆွေးနွေး ရမည့်လုပ်ငန်းများကိုတင်ပြရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ပိုးသတ်ဆေးဥပဒေပုဒ်မ(၁၂)အရ နည်းပညာကော်မတီဝင်များသည် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့၏လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုချက်များကိုဆောင်ရွက်ပြီး ပိုးသတ်ဆေးဥပဒေအခန်း (၃)အရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားတင်ပြလာခြင်းများ မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ်အခြေပြု၍ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ် မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန်ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် လိုအပ်သည့်အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။

ယခုကျင်းပသည့် (၃၇)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးတွင် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များမှ စိစစ်ပြီးတင်ပြလာသော ပိုးသတ်ဆေးအမျိုး ပေါင်း ၈၆ မျိုး အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်