Skip to main content

အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်

နိုင်ငံတိုင်းတွင် အစဉ်အလာရှိသည့် ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည်။ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လျှင် နိုင်ငံ့ဂုဏ်မြင့်မားပြီး နိုင်ငံအဓွန့်ရှည်တည်တံ့ခိုင်မြဲသည်။ ယဉ်ကျေးမှုကို မထိန်းသိမ်းပါက ကောင်းမြတ်သည့်အစဉ်အလာများကွယ်ပျောက်၍ နိုင်ငံတည်တံ့ခိုင်မြဲမှုလည်း လျော့ကျပျက်စီးနိုင်သည်။ နိုင်ငံဖြစ်တည်ပေါ်ပေါက်လာမှုနှင့် အရှည်တည်တံ့လာခဲ့သည့် သမိုင်းကြောင်းအစဉ်အလာ ယဉ်ကျေးမှုလက္ခဏာများသည် ဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းလုံးညီညွတ်မှုတို့နှင့် ဆက်စပ်လျက်ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နှစ်ပေါင်းထောင်ချီအဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲလာခဲ့သည်မှာ ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အတူတကွလက်တွဲ၍ ချစ်ခင်စည်းလုံးစွာ နေထိုင်လာသောကြောင့်ဖြစ်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာများကို ယနေ့ထက်တိုင် ထိန်းသိမ်းစောင့်ရှောက်ပြီး တစ်ဦး၏ယဉ်ကျေးမှုကိုတစ်ဦးက လေးစားတန်ဖိုးထားအသိအမှတ်ပြုကြသောကြောင့်ဖြစ်သည်။ နေထိုင်ရာရေမြေဒေသသဘာဝကိုလိုက်၍ ဘာသာစကား၊ သက်ဝင်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများကွဲပြားသော်လည်း တိုင်းရင်းသားလူမျိုးအားလုံး၏ တူညီသောအချက်မှာ မိမိတို့၏ယဉ်ကျေးမှုကိုမြတ်နိုးပြီး အခြားသောသူတို့၏ယဉ်ကျေးမှုကို တန်ဖိုးထားခြင်းဖြစ်သည်။

ယင်းသည် အေးချမ်းသာယာပြီး တည်ငြိမ်အေးချမ်းမှုအတွက် အဓိကကျသောအချက်ဖြစ်သည်။ ခေတ်ရေစီးကြောင်းပြောင်းလဲမှုနှင့် တိုးတက်မှုကိုလက်ခံအသိအမှတ်ပြုကြရမည်ဖြစ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုကို ဖျောက်ဖျက်မပစ်ဘဲ တန်ဖိုးထားရန်လိုအပ်ပါသည်။ အရှေ့နိုင်ငံများရှိ မျိုးဆက်သစ်ပြည်သူများသည် တိုးတက်မှုနှင့်အတူ လိုက်လျောညီထွေစွာ စီးမျောနေကြသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ အစဉ်အလာကြီးမားသည့် မိမိတို့၏ယဉ်ကျေးမှုကို တန်ဖိုးထားအသိအမှတ်ပြုကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလယဉ်ကျေးမှုအနေအထားကို လေ့လာကြည့်လျှင် မြန်မာတို့၏ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုကို တန်ဖိုးထားသူများရှိသလို အလေးမထား ပစ်ပယ်ထားကြသူများလည်းရှိသည်။

မြန်မာနိုင်ငံသည် သမိုင်းစဉ်တစ်လျှောက် ကိုလိုနီလက်အောက်တွင် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုကို မြန်မာတို့ကိုယ်တိုင်မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြန်မာတို့က တန်ဖိုးထားပြီး အစိုးရအဆက်ဆက်တို့က ထိန်းသိမ်းမြှင့်တင်ပေးခဲ့သည်။ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့်အတူ အစဉ်အလာရှိသည့် မြန်မာ့ယဉ်ကျေးမှုများလည်း တစ်စတစ်စပွန်းပဲ့လာသည်ကို တွေ့ရမည်ဖြစ်သည်။ လူမှုဘဝနယ်ပယ်နှင့် ကဏ္ဍအသီးသီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားခေါင်းဆောင်မှုများ၊ ဦးဆောင်မှုများပြုလုပ်လာရုံသာမက ဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှုကို ပုတ်ခတ်စော်ကား ထိပါးလာသည်အထိ ပြုလုပ်လာကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ခဲ့ရသည်။ ဒီမိုကရေစီကို အားလုံးလက်ခံသဘောကျသော်လည်း ဘာသာသာသနာ၊ မြန်မာ့ယဉ်ကျေးမှုကို မပွန်းပဲ့ မထိခိုက်စေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်ကြရန်လိုအပ်ပေသည်။ အနောက်ယဉ်ကျေးမှုနှင့် အနောက်စိတ်ထား၊ ဓလေ့စရိုက်များကို ပုံတူကူးချမည်ဆိုပါက မြန်မာ့ယဉ်ကျေးမှုလည်း ပျောက်ကွယ်သွားပြီး စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတည်တံ့ခိုင်မြဲမှုကို ထိခိုက်လာမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် မည်သည့်ဝါဒ၊ မည်သည့်လမ်းစဉ်ကျင့်သုံးခဲ့သည်ဖြစ်စေ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး မေတ္တာတရားနှင့်ယှဉ်ကာ ရပ်တည်နေထိုင်လာခဲ့သော နိုင်ငံဖြစ်သည်။ ထိုသို့နေထိုင်ခဲ့သောကြောင့်လည်း နှစ်ပေါင်းထောင်ချီအဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ ဒီမိုကရေစီကိုအကြောင်းပြ၍ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ပွန်းပဲ့ထိခိုက်ထိပါးစော်ကားလာသည့် အကျိုးဆက်မှာ မြန်မာအချင်းချင်း မေတ္တာတရားခေါင်းပါးပြီး အချင်းချင်းနှိပ်စက် လုယက်သတ်ဖြတ်ခြင်းများအပြင် မိဘ၊ ဆရာသမား၊ လူကြီးသူမများသာမက ဘာသာ၊ သာသနာ၊ ဘုရား၊ ရဟန်းသံဃာများပါမကျန် ကိုယ်ထိလက်ရောက် စော်ကားပြစ်မှားသည့် ကျူးလွန်မှုများပင် ပြုလုပ်လာကြသည်။

ထို့ကြောင့် ပျက်စီးယိုယွင်းသွားသည့် ဓလေ့စရိုက်လက္ခဏာများကို ပြန်လည် ကောင်းမွန်လာအောင် ဆေးကြောသုတ်သင်သန့်စင်ပေးရမည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် လူ့ဘောင်အဖွဲ့အစည်းကြီးအတွင်းရှိ မြန်မာတို့၏ အစဉ်အလာကြီးမားသည့် မွန်မြတ်သော ထုံးတမ်းစဉ်လာ၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ကို ဝိုင်းဝန်းမြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်